ပ စိဖိတ်သမုဒ္ဒရာထဲ ခုတ်မောင်းနေတဲ့ အမေရိကန်စစ်လေယာဉ်တင်သင်္ဘော သီယိုဒိုရုစဗဲ့ပေါ်က သင်္ဘောသား (၃)ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အင်္ဂါနေ့က CNN သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒါဟာ ပင်လယ်ပြင်ထဲ သွားရောက်နေတဲ့ အမေရိကန်စစ်သင်္ဘောတွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

သီယိုဒိုရုစဗဲ့ စစ်လေယာဉ်တင်သင်္ဘောကြီး နောက်ဆုံးအကြိမ်ကမ်းကပ်ခဲ့တာဟာ လွန်ခဲ့တဲ့ (၁၅)ရက်လောက် ဗီယက်နမ်နိုင်ငံမှာ ကမ်းကပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရေတပ်အရာရှိတွေကတော့ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ သင်္ဘောသားစစ်သား (၃)ဦးဟာ ဗီယက်နမ်နိုင်ငံအတွင်း လည်ပတ်ခဲ့သလားဆိုတာကိုတော့ အတည်မပြုခဲ့ပါဘူး။

သင်္ဘောပေါ်မှာ ဝန်ထမ်းပေါင်း ၅၀၀၀ နီးပါး ရှိပြီး ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူတွေနဲ့ အနီးကပ်ရှိခဲ့သူတွေအားလုံးကို လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်နေသလို သီးခြားစီလည်းခွဲနေခိုင်းထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ သင်္ဘောသား (၃) ဦးကတော့ စစ်ဆေးရုံတစ်ခုမှာ သွားရောက်ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။