မ တတ်သာလို့ ခပ်ခွါခွါနေကြဦးစို့”

အရမ်း အရေးကြီးပါတယ်။ ကိုရိုနာဗိုင်းရပ်စ် COVID 19 ကာကွယ်ရာမှာ လက်ဆေးတာ ပြီးရင် Physical Distance က အရေးကြီးဆုံး ဖြစ်ပါတယ်။

Social Distance လို့ အနောက်နိုင်ငံတွေမှာ ရည်ညွှန်း သုံးနှုံးကြပေမယ့် Social အရ ခပ်ခွါခွါ နေဖို့ ဆိုတဲ့ အဓိပ္ပါယ် ထွက်တဲ့အတွက် Physical လို့ သုံးနှုံးကြဖို့ ဆော်ဩမှုတွေ ရှိလာပါတယ်။

ကျန်းမာ/အားကစားဝန်ကြီးဌာနက ဖြန့်ဝေထားတဲ့ ပုံပါအတိုင်း COVID 19 ထိန်းချုပ်ရေးမှာ (၃) ပေအကွာ ခပ်ခွါခွါနေဖို့ သတိပြုကြစေလိုပါတယ်။

ကူးစက်မြန်ရောဂါတွေရဲ့ သဘောသဘာဝအရ ကူးစက်နိုင်ခြေ မြင့်မားတဲ့ အကွာအဝေးကို အထူးသတိချပ်ပြီး နေကြမယ်ဆိုရင် ပြန့်ပွါးမှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ပါတယ်။

လတ်တလော သေဆုံးမှုနှုန်း မြင့်မားတဲ့ အီတလီ၊ ပြင်သစ်၊ စပိန်နိုင်ငံတွေမှာ Physical Distance ကို အလေးထားပြီး ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ ဒီနိုင်ငံတွေမှာ စားသောက်ကုန်နဲ့ ဆေးဝါး ဝယ်ဖို့ တန်းစီကြတာ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး (၃) ပေ ခွါကြလို့ လမ်းမပေါ်အထိ လူတွေ တစ်မျှော်တစ်ခေါ် မြင်နေကြရတာပါ။

မြန်မာနိုင်ငံက ဈေးရောင်းစင်တာကြီးတွေ၊ Shopping Mall တွေမှာ တစ်ဦးနဲ့တစ်ဦး (၃) ပေအကွာမှာ နေကြဖို့ သတိပေးဖို့ လိုပါတယ်။ စုပြုံတိုးဝှေ့နေကြမယ်ဆိုရင် ကူးစက်မှုက မြင့်မားတဲ့အလျောက် Physical Distance ထားဖို့ လိုတယ် ဆိုတာကို နားလည်ကြဖို့ လိုပါတယ်။

အလားတူပါပဲ။ ငွေရှင်းကောင်တာတွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ မဖြစ်မနေ လုပ်ရတဲ့ လူအများစုဝေးရာ နေရာတွေမှာ၊ ဓါတ်လှေကားတွေမှာ ထိုင်ခုံ၊ အကွာအဝေး၊ အခင်းအကျင်းတွေကို Physical Distance (၃) ပေအကွာ အနည်းဆုံး ထားရှိဖို့ အရေးကြီးပါတယ်။

အခု လူထုအကြားမှာ လက်ဆေးဖို့ Awareness မြင့်မားနေပါပြီ။ အခု နောက်ထပ် အရေးကြီးတဲ့ Physical Distance အနည်းဆုံး သုံးပေခွါဖို့ လိုလာပါပြီ။ စကားပြောရင် (၃) ပေအကွာက ပြောပါ။ နှုတ်ဆက်ရင် (၃) ပေအကွာက နှုတ်ဆက်ပါ။ ရုံးတွေ၊ ကုမ္ပဏီတွေမှာ ရုံးတက်ရင် တစ်ဦးနဲ့တစ်ဦး (၃) ပေအကွာမှာ ရှိကြစေဖို့ သတိပြကြပါ။

လတ်တလော မတတ်သာလို့ ခပ်ခွါခွါနေကြခြင်းဟာ COVID 19 ကာကွယ်ထိန်းချုပ်ရေးအတွက် မိမိတို့ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီ ဆောင်ရွက်ခြင်း ဖြစ်တယ် ဆိုတာ အားလုံးက နားလည်ကြဖို့ တိုက်တွန်းလိုပါတယ်။

“ဘယ်သွားသွား၊ ဘာလုပ်လုပ်၊ (၃) ပေအကွာမှာ နေကြပါစို့”

ဦးဇော်ဌေး (နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်)