တ ကယ်တန်း အန္တရာယ်အရှိဆုံးက ပင်စင်စား သူတို့တွေပါ။ ခုတော့ တဝက်ကျော်လောက်က အပူချိန်တိုင်းတာတောင်ကြောက်လန့်၊ ငြင်းဆန် (ဖျားနေရင် ထုတ်မပေးဘူးလားလန့်ကြရှာတာ)။ hand sanitizer သုံးခိုင်းတော့လဲ လက်ဖဝါးချင်းတောင် တချို့ stroke ရထားလို့ မပွတ်နိုင်ဘူး။ ကိုရိုနာဗိုင်းရပ်စ် အကြောင်းကို လုံးဝတောင်မသိသေးတာက တဝက်ကျော်လောက်…

တောင်ကြီး မြန်မာ့စီးပွားရေးဘဏ်မှာ တရက်တရက်လာထုတ်တာ အနဲဆုံး လူတထောင်ကျော်တဲ့။ ဘဏ်က အလုံပိတ်။ အထဲရောက်တော့လဲ မြန်မြန်ရချင်ဇောနဲ့ပြုံတိုးကြ။ social distancing အကြောင်း မန်နေဂျာကြီးကို ပြောပြပြီး သေချာလေးလုပ်ဖို့ အကူအညီတောင်းမိတော့လဲ ဒေါက်တာရယ်.. မနေ့က ကျွန်တော်ကိုယ်တိုင် နဲနဲခွာရပ်ကြဖို့ မေတ္တာရပ်ခံတာ အဖော်ပါလာတဲ့ လူငယ်တွေနဲ့ပြသနာတက်ရတယ်တဲ့။ အဖျားလဲမတိုင်းနိုင်ပါဘူးဆိုပြီး ဇွတ်ဝင်တာတဲ့…

ခုဆိုလဲ မနက် ၈ နာရီပဲရှိသေးတယ် ၃၀၀ ထက်မနဲ။ တချို့အဘိုးအဘွားတွေက ချောင်းတဟွတ်ဟွတ်နဲ့ ကိုယ်တွေရဲ့ရှိစုမဲ့စု mask လေးတွေကလဲ ချောင်းဆိုးနေတဲ့သူတိုင်းတောင် မပေးနိုင်။

ဆရာဝန်ကိုယ်တိုင် တတ်နိုင်သမျှ လိုက်ပြီးတယောက်ချင်းပြောပေးပေမဲ့လဲ ရောဂါထက် ပင်စင်လစာလေး ထုတ်လို့မရတော့မှာပဲ စိတ်ပူနေကြတာ..

အေးသာယာ၊အောင်သပြေလို ဝေးတဲ့နေရာတွေက ကားခသက်သာအောင် လူ၃၀၊ ၄၀ စုပြီး တက်လာကြတာ။ သူတို့တဖွဲ့တဖွဲ့ဝင်ရင် လူအုပ်ကြားမှာ ကိုယ်တောင်မနဲအသက်ရှုရတယ်…

ဒီနေ့၊ ဒီနေရာမှာ ရောဂါပိုးရှိသူ တယောက်ပဲပါကြည့်။ အာလုံးအတွက် ရင်လေးစရာပဲ။ လူတိုင်းက အနဲဆုံးခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်ကျော်တွေ။ ချောင်းဆိုးနေကြသူတွေ၊ လေဖြတ်နေလို့ လူတွဲနဲ့လာရသူတွေ၊ ဘဏ်လှေကားလေးသုံးဆင့်လောက်တက်ပြီးမောနေကြသူတွေ….

ကိုယ်တွေလုပ်ပေးနေတာက ဘယ်လောက်မှ မထိရောက်ဘူးဆိုတာ သိနေရပြီး၊ ဘာမှလဲမတတ်နိုင်တဲ့အဖြစ်..

မနက် ၉ နာရီခွဲမှာ ကိုယ်အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက် ကျော်တာ ၁၀ ယောက်ကျော်နေပြီ…

ဒေါက်တာပန်