သူ့ အစား လူငယ်လူနာတစ်ယောက် အသုံးပြုနိုင်အောင် အသက်ရှူကိရိယာကို ငြင်းဆန်ခဲ့တဲ့ သက်ကြီး ကက်သိုလစ်ဘုန်းတော်ကြီးဟာ COVID-19 ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။အသက် ၇၂နှစ်အရွယ် ဒွန် ဂီယူဆက်ပီ ဘာရာဒဲလီဟာ သူ့ဒကာတွေက သူ့အတွက် ဝယ်ထားတဲ့ အသက်ရှူကိရိယာကို အသုံးပြုဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အီတလီ၊ လက်ဗရာက ဆေးရုံတစ်ရုံမှာ မတ်လ ၁၅ရက်နေ့က ပျံလွန်တော်မူသွားခဲ့ပါတယ်။ အီတလီသတင်းစာ Araberara ကတော့ ဘာရာဒဲလီဟာ ငွေကြေးချို့တဲ့သူတွေကို ကူညီတဲ့အပြင် ဆိုင်ကယ်စီးတတ်လို့လည်း လူချစ်လူခင်များသူတစ်ယောက်ဖြစ်တယ်လို့ ဖော်ပြပါတယ်။ အခုလည်း သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို လူတွေသိသွားကြတဲ့အခါမှာ ဆိုရှယ်မီဒီယာမှာတော့ သူ့ကို အင်္ဂလိပ်ဘာသာနဲ့ ချီးမွမ်းနေကြတယ်လို့ ဆိုပါတယ်။

“သူဟာ ဒါနအာဇာနည်တစ်ယောက်။ စိန့် မက်ဇီမီလန် ကိုလ်ဘီလို သူတော်စင်တစ်ယောက်။ ကိုဘီဟာ အော့စ်ဝစ်မှာတုန်းက မိသားစုရှိတဲ့တစ်ယောက်အစား အသတ်ခံခဲ့တယ်”လို့ ဂျေဇုဘုန်းတော်ကြီး ဂျိမ်းစ် မာတင်က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။ “ကိုရိုနာဗိုင်းရပ်စ် ဝေဒနာခံနေရသူတွေနဲ့ သူတို့ကို ဂရုစိုက်နေသူတွေ အားလုံးရဲ့ အစောင့်အရှောက် ဒွန် ဂီယူဆက်ပီ ဘာရာဒဲလီ ကျနော်တို့အတွက် ဆုတောင်းပေးပါ”။

ဘာရာဒဲလီဟာ အခုလက်ရှိ အီတလီမှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးကြောင်း အတည်ပြုထားသူ လူ ၆၀၀၀ကျော်ထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။ အီတလီဟာ အခုလက်ရှိမှာ ကမ္ဘာမှာ Covid-19ကြောင့် သေဆုံးမှု အများဆုံးဖြစ်ပြီး တနင်္လာနေ့က ကူးစက်ခံရသူ ၁၇၀၀၀သာ ရှိပြီး တရုတ်ထက်နည်းပေမယ့်လည်း သေဆုံးတဲ့အရေအတွက်မှာတော့ တရုတ်ထက် နှစ်ဆနီးပါး ရှိနေပါတယ်။

အီတလီမြောက်ပိုင်း ဘာဂါမိုပြည်နယ်ထဲမှာ ရက်သတ္တတစ်ပတ်တာအတွင်းမှာ ဘာရာဒဲလီအပါအဝင် အနည်းဆုံး ဘုန်းတော်ကြီး ၆ဦး ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရပြီး နောက်ထပ် ၁၄ယောက်လည်း ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ ဒီပြည်နယ်ဟာ ကူးစက်မှုဒဏ် ဆိုးဆိုးရွားရွားခံရတဲ့ အထဲမှာ ပါဝင်နေပြီး ဆေးရုံတွေလည်း မနိုင်ဝန်ဖြစ်လာကာ အသက်ရှူကိရိယာလို မရှိမဖြစ် ဆေးပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။

လူနာတွေ ပုံကျလာလို့ မကိုင်တွယ်နိုင်လောက်အောင်ဖြစ်နေပြီး ကျန်းမာရေးယန္တရားတစ်ခုလုံးက ပျက်စီးနေလို့ အလားတူ အခြေအနေမျိုးကို ဘယ်သူမှ မမြင်ဖူးကြဘူး။ တကယ့်ကို ကပ်ဘေးပါပဲလို့ ဘာဂါမို ဆေးရုံက ဆရာဝန် မီခရို နာကိုတီက ပြောပါတယ်။

ဘာရာဒဲလီက သူ့အတွက် ပေးထားတဲ့ အသက်ရှူကိရိယာကို လူငယ်လူနာကို ပေးသုံးလိုက်လို့ အဆိုပါလူငယ်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့သလားဆိုတာတော့ ကွဲကွဲပြားပြားမသိရဘူးလို့ ဆိုပါတယ်။ ပြင်းထန်တဲ့ Covid-19 ရောဂါခံစားရသူတွေဟာ အဆုတ်ရောင်လာတာမို့ အသက်ရှူကိရိယာမပါဘဲ အသက်ရှူဖို့ ခက်ခဲလာကြတယ်လို့ ဆိုပါတယ်။

Ref; NewsWeek
Crd:Writer_Aung Moe ( XYZ News )