COVID-19 ရော ဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ကူညီပေးမည့် စေတနာ့ဝန်ထမ်းဆရာဝန် ၇၀ ဦးနီးပါးရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်း(ရန်ကုန်) ရုံးအဖွဲ့မှူး ဦးသောင်းညွှန့်ကပြောသည်။

မြန်မာနိုင်ငံဆရာဝန်အသင်းက စေတနာ့ဝန်ထမ်းဆရာဝန်များကိုမတ်လ ၁၉ ရက်၌စတင်ဖိတ်ခေါ်ထားခြင်းနှင့် ပတ်သက်၍အကုန်သိသတင်းဌာနက မတ်လ ၂၁ ရက်၊နေ့လယ်ပိုင်း၌ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်းဖြေကြားခြင်းဖြစ်သည်။

“ ကျွန်တော်တို့ဝန်ကြီးဌာနနဲ့အတူပူးပေါင်းနိုင်ဖို့ပါ။ အရေးပေါ်လာရင်ကူညီနိုင်ဖို့အတွက်ဆရာဝန်တွေကို ဖိတ်ခေါ်ထားတာပါ။ လက်ရှိအချိန်မှာတော့ ဆရာဝန် ၇၀ နီးပါးရှိလာပါပြီ” ဟု မြန်မာနိုင်ငံဆရာဝန်များအသင်း(ရန်ကုန်)ရုံးအဖွဲ့မှူး ဦးသောင်းညွှန့်ကပြောသည်။

စေတနာ့ဝန်ထမ်းလုပ်ကိုင်လိုကြောင်းစာရင်းပေးထားသူများတွင် အငြိမ်းစားဆေးရုံအုပ်ကြီးများ၊ ဆရာဝန်ကြီးများ၊ အနယ်နယ်အရပ်ရပ်မှ ဆရာဝန်များပါဝင်ကြောင်းလည်း ၄င်းက ဆက်လက်ပြောသည်။

စေတနာ့ဝန်ထမ်းလုပ်ကိုင်လိုသူဆရာဝန်များအနေဖြင့် မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်) အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော်ဖုန်း-၀၉၅၀၀၇၈၃၈ သို့လည်းကောင်း၊ ဦးသောင်းညွှန့်ဖုန်း-၀၉၄၄၃၉၀၂၄၅၈ သို့လည်းကောင်းဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် အဆိုပါ COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမရှိစေရန် ဟောပြောပို့ချခြင်းများ၊ ပညာပေးလုပ်ငန်းများဆောင်ရွက်နေသည်။

မြန်မာနိုင်ငံ၌ မတ်လ၂၁ ရက်အထိ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါပိုးမတွေ့ရှိရသေးသော်လည်း မတ်လ ၂၁ ရက်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် ၁၉၄ နိုင်ငံအနက် ၁၇၇ နိုင်ငံတွင်COVID-19 ရောဂါဖြစ်ပွားမှုရှိနေ၍ သေဆုံးသူ ၁၀၀၀၀ ဦးကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။

အကုန်သိ