မြန်မာ အိုင်ဒေါ Season-1 ရဲ့ Winner ဆုရှင်စောလားထော်ဝါးကတော့ ဆုံးပါးသွားတဲ့ညီမလေးအတွက် ရည်စူးပြီး PPE (၁၅)စုံစာ ငွေကျပ်(၁၄၂၅၀၀) လှူဒါန်းပေးခဲ့ပါတယ်။လွန်ခဲ့တဲ့ မတ်လ(၁၆)ရက်နေ့မှာတော့ သူ့ရဲ့အချစ်ရဆုံးညီမလေးဖြစ်သူနော်မေရီဖောကတော့ အသက်(၁၂)နှစ်သာ ရှိသေးပေမယ့်လည်း ဆုံးပါးသွားခဲ့ကြောင်းကို လားလားတစ်ယောက် စိတ်မကောင်းစွာမျှဝေပေးခဲ့ပါတယ်။ငယ်ရွယ်သေးတဲ့ညီမလေးအတွက် ယူကြုံးမရဖြစ်ခဲ့ရတဲ့လားလားကတော့ ညီမလေးအတွက်ရည်ရွယ်ပြီး လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

လတ်တလော ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကတော့ ပြည်သူလူထုတစ်ရပ်လုံးကို ခြောက်လှန့်နေတာပါ။နိုင်ငံအချို့မှာ အဝင်အထွက်တွေကန့်သတ်လိုက်တဲ့အထိ ခြိမ်းခြောက်မှုအားကောင်းနေတဲ့ ဒီဗိုင်းရပ်စ်ပိုးကိုတားဆီးကာကွယ်နိုင်ဖို့ လိုအပ်နေတာလည်း အမှန်ပါပဲ။ကူးစက်မှုနှန်းမြင့်မားနေတဲ့ ဒီဗိုင်းရပ်စ်ပိုးကြောင့် အခုဆိုရင် နိုင်ငံပေါင်း(၁၈၇)နိုင်ငံမှာလူ ပေါင်း(၁၃၀၁၉)ယောက် သေဆုံးသွားပြီဖြစ်ပါတယ်။အလွယ်တကူပျံ့နှံ့နေတဲ့ ဒီရောဂါပိုးကူးစက်ခံရသူတွေကို ကာကွယ်ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ပြုစုစောင့်ရှောက်မှုပေးနေစဉ်မှာ Personal Protective Equitment (PPE)လို့ခေါ်တဲ့ ကာကွယ်ရေးဝတ်စုံအပြည့်ဝတ်ဆင်ထားမှ ဒီဗိုင်းရပ်စ်ပိုးရဲ့ရန်ကို ကာကွယ်နိုင်မှာပါ။

အခြေခံကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက် မြင့်မားနေတဲ့ မြန်မာနိုင်ငံမှာတော့ ဆေးရုံတွေမှာ PPE ဝတ်စုံလိုအပ်ချက်ရှိတာကြောင့် ပရဟိတသမားကိုစိုးထိုက်၊မောင်မောင်အေး၊ပန်ဆယ်လိုတို့ ဦးစီးပြီး PPE ဝတ်စုံ အစုံ(၂၀၀၀)လှူဒါန်းပေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။အလှူရှင်တွေများစွာ လိုအပ်နေတဲ့အချိန်မှာ လားလားကတော့ ညီမလေးအတွက် ကာလဒါနအလှူလေးအဖြစ် PPE ဝတ်စုံ(၁၅)စုံစာ လှူဒါန်းပေးခဲ့ကြောင်း ပရိသတ်ကြီးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ချစ်ရတဲ့ ညီမလေးနော်မေရီဖော အေးချမ်းစွာအနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source – Mg Mg Aye
Rainbow- Cele Gabar