ရေး သားသူ – ဒေါက်တာသူရိန်လှိုင်ဝင်း

ဒီမေးခွန်းအတွက် အဖြေက ဘယ်သူ့ဆီမှာမှ ရေရေရာရာမရှိဘူး။ ဒီဗိုင်းရပ်စ်က အသစ်ဖြစ်တဲ့အတွက်ကြောင့် သူ့အကြောင်း သေချာ မသိကြသေးဘူး။ ဒါပေမယ့်လည်း ဒီမေးခွန်းက အရမ်းအမေးများလို့ ကျွန်တော်ဉာဏ်မီသလောက် တွေးမိတဲ့ ဖြစ်နိုင်မယ်ထင်တာလေးတွေကို ဆွေးနွေးထားပါတယ်။ ဒါတွေဟာ တွေးတောယူဆချက်တွေဖြစ်ပါတယ်။ လက်တွေ့မှာ အပြည့်အစုံ မှန်ကန်ပါတယ်လို့ အာမ မခံနိုင်ပါဘူး။

၁။ အစိုးရရဲ့ တုံ့ပြန်မှု

လူတွေကသာ အားမလိုအားမရဖြစ်နေပေမယ့် ဗိုင်းရပ်စဖြစ်ပြီး သိပ်မကြာခင်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်မှုက မြန်ဆန်ပါတယ်။ ရောဂါဖြစ်ပွားတဲ့ဒေသက အဝင်လေယာဉ်တွေကို ပိတ်ဆို့တာ မြန်ဆန်တဲ့အတွက် ရောဂါပိုးရှိသူတွေ လေကြောင်းကတဆင့် ဝင်ရောက်လာနိုင်ဖို့ကို တားဆီးလိုက်နိုင်တယ်။ ရောဂါအကြောင်းနဲ့ စစ်ဆေးမှုတွေအကြောင်း သတင်းထုတ်ပြန်မှု မြန်ဆန်တဲ့အတွက်လည်း လူတွေဒီရောဂါအကြောင်း သေချာသိလာတယ်။ ကာကွယ်လာနိုင်တယ်။ အထူးသဖြင့် ဆရာမ ဒေါက်တာ ခင်ခင်ကြီး (Khin Khin Gyi) ကို ဒီအတွက် အများကြီးကျေးဇူးတင်ရပါမယ်။ စစ်မှန်တဲ့သတင်းတွေကို လူတွေအချိန်နဲ့ တပြေးညီသိနေခွင့်ရတယ်။ ဒီတော့ အစိုးရရဲ့ တုံ့ပြန်မှုက ပထမဆုံး အကြောင်းရင်းလို့ ထင်ပါတယ်။

၂။ ကူးသန်းဆက်သွယ်ရေး နည်းပါးမှု

မြန်မာနိုင်ငံက တခြားနိုင်ငံတွေထက်စာရင် ခရီးသွားဝင်ရောက်မှုနည်းပါးတယ်။ လူတွေသိပ်မလာတဲ့ နိုင်ငံထဲမှာပါတယ်။ တရုတ်နိုင်ငံမှာဖြစ်ပွားတဲ့အချိန်မှာ သိပ်မကြာခင် လေယာဉ်အဝင်ပိတ်လိုက်နိုင်တယ်။ တရုတ်က လေကြောင်းနဲ့ သိပ်မဝင်လာနိုင်တော့ဘူး။ နယ်စပ်ချင်း ထိစပ်နေတာမှန်ပေမယ့် ရောဂါဖြစ်ပွားတဲ့ ဝူဟန်နဲ့က မိုင် ၁၂၀၀ ကျော်ဝေးတယ်။ မြေပြင်လမ်းကနေ ဝင်လာဖို့က တော်တော်အခွင့်အရေးနည်းတယ်။ နောက်ပြီး ရောဂါပြန့်ပွားမှု ပြင်းထန်လာချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခရီးသွားလာမှု နည်းသွားတဲ့အတွက် မြန်မာနိုင်ငံထဲကို ရောက်လာဖို့ အခွင့်အရေး ထပ်နည်းသွားတယ်။ နောက်ထပ်တစ်ခုက နိုင်ငံခြားသွားလာနေတဲ့သူအများစုက ပညာတတ်တွေများတယ်။ ဗဟုသုတများတယ်။ ဒီတော့ ကြိုတင်ကာကွယ်မှုတွေကို လုပ်ကြတယ်။ ဒါကလည်း နောက်ထပ် အကြောင်းအရင်းတစ်ခုပါ။

၃။ စစ်ဆေးနိုင်တဲ့ပမာဏ နည်းပါးမှု

ဒါကတော့ နည်းနည်းကြောက်ဖို့ကောင်းတယ်။ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှု အခွင့်အရေးများတဲ့သူ ရောဂါလက္ခဏာများတဲ့သူတွေကိုပဲ စစ်ဆေးနိုင်သေးတယ်။ အများစုကို screening အနေနဲ့ မစစ်ဆေးနိုင်ဘူး။ မစစ်ဆေးနိုင်ရင် ရောဂါရှိတယ်လို့ အတည်မပြုနိုင်ဘူး။ ရောဂါရှိနေပေမယ့် မစစ်ဆေးနိုင်လို့ မတွေ့ဘူးလို့ ဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ။ အရင်ကတည်းက ချောင်းဆိုး ကိုယ်ပူတာလောက်နဲ့တော့ ဆေးရုံသွားလေ့သွားထ မရှိတာ အခုဆိုရင် ကြောက်တာနဲ့ ပိုလို့တောင် မသွားဘူးဖြစ်နိုင်သေးတယ်။

၎။ ပူပြင်းတဲ့ ရာသီဥတု

လေ့လာချက်တချို့မှာ ဗိုင်းရပ်စ်ဟာ အပူချိန် ၃၀ ဒီဂရီဆဲလ်ဆီးယက်စ်မှာဆိုရင် လှုပ်ရှားမှု နည်းသွားတယ်လို့ ဆိုပါတယ်။ လှုပ်ရှားမှုနည်းပါးသွားရင် ကူးစက်ပျံ့နှံ့နှုန်းလည်း ကျသွားနိုင်တယ်။ မြန်မာနိုင်ငံက ပူပြင်းတဲ့အတွက်ကြောင့် ဗိုင်းရပ်စ်ရှင်သန်နိုင်မှု နည်းပါးတယ်လို့ ယူဆလို့ရနိုင်တယ်။ ဒါဟာ မသေချာသေးပါဘူး။ အပြည့်အဝ မှန်ကန်မှုရှိမရှိ မစမ်းသပ်နိုင်သေးပါဘူး။

၅။ ဗိုင်းရပ်စ် အမျိုးအစား

အီတလီမှာ ကူးစက်ပြန့်ပွားမှုနဲ့ သေဆုံးမှုနှုန်းမြင့်တက်တာက ကူးစက်တဲ့ ဗိုင်းရပ်စ်အမျိုးအစားဟာ တရုတ်နိုင်ငံမှာထက် ပိုပြင်းထန်တဲ့ အမျိုးအစားဖြစ်နေတာကြောင့်ဆိုတဲ့ လေ့လာချက်တစ်ခုရှိတယ်။ အဲဒီအယူအဆအတိုင်းဆိုရင် မြန်မာနိုင်ငံကို ရောက်ရှိတဲ့ ရောဂါပိုးက မပြင်းထန်တဲ့ကူးစက်မှုတွေ ဖြစ်ပွားစေနိုင်တယ်လို့ ယူဆလို့ရနိုင်တယ်။ ဒါလည်း အတည်မပြုနိုင်ပါဘူး။

၆။ မျိုးဗီဇအရ ခံနိုင်ရည်ရှိမှု (အတွေးအယူအဆ သတ်သတ်ပါ။ လုံးဝ အတည်မပြုနိုင်ပါဘူး)

ဒီအယူအဆဟာ အရမ်းအန္တရာယ်များလို့ အတည်လို့ ယူဆလို့ လုံးဝမရဘူးဆိုတာ အရင်သိထားပါ။ COVID-19 ဟာ သွေးအုပ်စု A တွေမှာ ပိုပြီးကူးစက်နိုင်တယ်လို့ဆိုပါတယ်။ ဒီလိုဆိုရင် COVID-19 ကို မျိုးဗီဇအရ ခံနိုင်ရည် ရှိနေတာလည်း ဖြစ်နိုင်တယ်လို့ စဉ်းစားစရာဖြစ်ပါတယ်။ ဥပမာ အာဖရိကန်လူမျိုးတွေဟာ မျိုးဗီဇအရ ငှက်ဖျားပိုး P.vivax ကို ခံနိုင်ရည်ရှိပါတယ်။ Sickle cell anemia ရှိသူတွေဟာ P. falciparum ကို ခံနိုင်ရည်ရှိပါတယ်။ ဒီအတွေးအရ မြန်မာတွေမှာ မျိုးဗီဇအရ COVID-19 ကို ခံနိုင်ရည်ရှိမလားဆိုပြီး တွေးမိတာလည်းရှိပါတယ်။ ဒီအတွေးက အရမ်းအပေါ်ယံဆန်ပြီး မှန်ကန်တယ်လို့ လုံးဝ သက်သေခံချက်မရှိပါဘူး။

လက်ရှိမှာ မြန်မာနိုင်ငံမှာ မဖြစ်သေးပေမယ့် ဖြစ်လာနိုင်တယ်။ ဖြစ်လာနိုင်ခြေလည်းရှိတယ်။ ဒီအထဲမှာရေးသားထားတာတွေဟာ တွေးခေါ်ယူဆချက်တွေသတ်သတ်ဖြစ်ပါတယ်။ မှန်ကန်တယ်လို့ အာမမခံနိုင်ပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ကာကွယ်နည်းလမ်းတွေကို အပြည့်အဝလိုက်နာခြင်းက COVID-19 ကို ကာကွယ်နိုင်ပါလိမ့်မယ်။

ဒေါက်တာသူရိန်လှိုင်ဝင်း