မ တ် လ၂၁ ရက် နောက်ဆုံးထား ပိတ်သိမ်းရန် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ကြောင့် ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးခွင့် မတ်လ၂၀ ရက်မှ စတင်ကာပိတ်သိမ်းမည်ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

မတ်လ ၁၈ ရက် ညနေပိုင်းက အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ အဖွဲ့ဝင် ဦးစိုးလှိုင်က အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

“မတ်လ ၁၈ ရက် ညနေ ၄ နာရီမှာ ပြည်နယ်အစိုးရဆီက စာဝင်ပါတယ်။ မတ်လ၂၁ရက် နောက်ဆုံးထား ပိတ်သိမ်းပေး ပါဆို တော့။ ဘယ်လိုလုပ်မလဲဗျာ။ ပိတ်ဆိုတော့လည်း ပိတ်ရမှာပေါ့။ ပြည်နယ်အစိုးရနဲ့ ကျန်းမာရေးဌာနနဲ့ ညှိနှိုင်းပြီး စီစဉ်တာဆို တော့။ ဒါကအားလုံးကလည်း ၀ိုင်းပြောနေတယ်။ တကယ်လို့ ဖြစ်သွားရင်လည်း ဘုရားက စတယ်ဆိုရင် မကောင်းဘူးလေ။ အခုကနေစပြီး ဘုရားဖူးတွေ လျှော့ချနေပြီ။ မနက်ဖြန်ကျန်ဦးမယ်။ ၂၀ရက်နေ့ ဆိုရင်တော့စပိတ်ပါပြီ”ဟု ၄င်းက ပြောသည်။

ကျိုက်ထီးရိုးစေတီတော်သို့ နေ့စဉ် ဘုရားဖူး နှစ်ထောင်မှ ငါးထောင်ကြား လာရောက်ကြပြီး လက်ရှိတွင် ဘုရားဖူးများအား ကိုယ် အပူချိန်တိုင်း၍ လက်ဆေးခိုင်းခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်သည့် အနေဖြင့် လူစုလူဝေးဖြစ်စေမည့် ပွဲလမ်းသဘင်းများ၊ ရုပ်ရှင်ရုံ များ ကျောင်းများကို ပိတ်ထားရန် နိုင်ငံတော် အစိုးရက ညွှန်ကြားထားပြီး လက်ရှိတွင် ဧပြီလ ၃၀ ရက်အထိ ပိတ်သိမ်းထား ကြောင်း ထုတ်ပြန်ကြေညာမှုများရှိနေသည်။

တရုတ်နိုင်ငံ ၀ူဟန်မြို့မှ စတင်ကူးစက်ပြန့်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင် ရောဂါသည် လက် ရှိတွင် နိုင်ငံပေါင်း ၁၅၀ ကျော်သို့ ကူးစက်ပျံ့နှံခဲ့ပြီး သေဆုံးသူ ၈၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။

အကုန်သိ