ရှ မ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Pneumonia) ဖြင့် တက်ရောက်၍ ကိုရိုနာဗိုင်းရပ်စ် (Covid-19) စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ သီးသန့် လူနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် အသက် ၃၀ အရွယ် အမျိုးသားသည် မနေ့က မတ် ၁၇ ရက်၊ ညပိုင်းက သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားမှာ မိုင်းဖြတ်မြို့နယ်၊ ကချင်စံပြကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ကျိုင်းတုံမြို့နယ် ဆည်မြောင်းဦးစီးဌာနတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

“လူနာ မသေဆုံးခင်မှာ ယူထားတဲ့ နှာခေါင်းတို့ဖတ်နဲ့ အာခေါင်တို့ဖတ် နမူနာကို ဓါတ်ခွဲစစ်ဆေးဖို့ ဒီနေ့ မတ်လ ၁၈ ရက်မှာ ဗဟိုဓါတ်ခွဲစစ်ဆေးရေးဌာနကို သွားပို့ပေးမှာဖြစ်ပါတယ်။ ဓါတ်ခွဲအဖြေကို သိတာနဲ့ အများပြည်သူတွေ သိအောင် ထုတ်ပြန်ကြေညာပေးသွားပါမယ်” ဟု ကျိုင်တုံဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ပြောသည်။

သေဆုံးသူသည် ၎င်းမကွယ်လွန်မီအချိန်က Covid-19 ရောဂါ ကူးစက်ခံထားရသည့် နိုင်ငံများသို့ သွားရောက်ခဲ့ခြင်းနှင့် ရောဂါကူးစက်ခံထားရသူများနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိကြောင်း ဆေးစစ်ချက်ရာဇဝင်အရ သိရသည်။

ကျိုင်းတုံမြို့နယ် အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပြီး ဆေးရုံများရှိ ဆရာဝန်များ၊ သူနာပြုများ နှင့် ဝန်ထမ်းများအတွက် Surgical Mask၊ PPE ဝတ်စုံ၊ Hand Gel၊ Hand Wash၊ N-95 Mask များ လိုအပ်လျက်ရှိကြောင်း သိရသည်။

Ref-HNM