မြန် မာနိုင်ငံမှာ အခုထိ test စစ်ဆေးတွေ့ရှိချက်အရ COVID-19 လူနာမတွေ့သေးပါ။ မန္တလေး တံတားဦး ကန်တော်နဒီဆေးရုံရှိ သေဆုံးသွားသောစောင့်ကြည့်လူနာတွင်လည်း ဓာတ်ခွဲအဖြေအရ COVID-19 မတွေ့ပါ။

အာစီယံဒေသအတွင်းအခြေအနေ…

စင်ကာပူမှာ မလေးရှားကအဝင်ပိတ်မယ်ဆိုကတည်းက ကုန်ခြောက်တွေပြေးဝယ်ကြပါတယ်။ မလေးရှားမှာ ပြည်အဝင်အထွက် 2 ပတ်ပိတ်လိုက်ပေမယ့် စင်ကာပူနဲ့ ကုန်စည်အဝင်အထွက်မပြတ်ဖို့ စီမံနေပါတယ်။ ဒါကြောင့်စင်ကာပူမှာ လက်ရှိအခြေအနေအရ ကုန်ပစ္စည်းပြတ်လပ်သွားမှာ မစိုးရိမ်ရပါ။

စင်ကာပူမှာ 23 ယောက်အသစ်တွေ့ခဲ့ရာမှာ 17 ယောက်က ပြည်ပကနေကူးစက်လာခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူမှာ 266 ယောက်ဖြစ်သွားပါပြီ။ မလေးရှားမှာ COVID-19 နဲ့သေသူ 2 ဦးရှိပါပြီ။ တစ်ဦးက 34 နှစ်ပဲရှိသေးပြီး ဘာရောဂါမှမရှိခဲ့သူပါ။ သူဟာ Masjid Jamek ဗလီက ဘာသာရေးပွဲ နဲ့ပတ်သက်တဲ့ ကူးစက်သူ 400 ထဲကတစ်ယောက်ပါ။

ကမ်ဘောဒီးယားမှာ 12 ယောက်အသစ်တွေ့ခဲ့ပြီး 11 ယောက်က မလေးရှားကို ဗလီပွဲသွားတက်ခဲ့သူတွေပါ။ ကမ်ဘောဒီးယား တွေ့သူ 33 ယောက်ရှိသွားပါပြီ။

လာအိုမှာ လူ 79 ယောက်မှာတွေ့တယ်လို့ သတင်းတွေထွက်ခဲ့သော်လည်း ဗီယက်နမ်အချို့ဖြန့်ခဲ့သည့် သတင်းအမှားသာဖြစ်ပါတယ်။ လာအိုမှာ အခုထိ COVID-19 မတွေ့သေးသလို ဖြစ်လာရင်လည်း ဆေးရုံ၊ ဝန်ထမ်း၊ ပစ္စည်းကိရိယာ အားလုံးအဆင်သင့် ပြင်ဆင်ထားပြီးဟု (comprehensively ready) လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဖိလစ်ပိုင်မှာ အသစ် 45 ယောက်တွေ့ခဲ့ပြီး သမ္မတဒူတာတေးက ပြည်သူတွေကို အိမ်မှာပဲနေဖို့ ပြောကြားလိုက်ပါတယ်။ ဖိလစ်ပိုင်လေကြောင်းက ပြည်တွင်းခရီးစဉ်တွေ စရပ်နေပါပြီ။ ပြည်ပခရီးစဉ်တွေကို Mar 20 မှာ စရပ်ပါမယ်။

အင်ဒို 172 ဖြစ်သွားပါပြီ။ ထိုင်း 177 ဖြစ်သွားပါပြီ။

ကျန်အာရှနိုင်ငံများ အခြေအနေ

တရုတ်မှာ ဝူဟန်မုန်တိုင်းပြီးလုလုမှာ အခြေအနေအတော်တည်ငြိမ်သွားပြီး အခြေအနေကောင်းတွေ မြင်နေရပါပြီ။ တရုတ်ပြည်ဟာ COVID-19 ကာကွယ်ဆေးကို လူမှာ ဒီအပတ် စစမ်းသပ်နိုင်တော့ပါမယ်။ ပထမအဆင့်အနေနဲ့ လူ 108 ယောက်မှာ စစမ်းပါမယ်။

တရုတ်မှာ အသစ် 21 ယောက်တွေ့ရာမှာ 20 ကပြည်ပအဝင်ခရီးသွားတွေမှာ တွေ့ရပါတယ်။ ဝူဟန်မြို့ဟာ အခုအချိန်မှာ ပြည်ပအဝင်ကို သူကပြန်ပြီး quarantine လုပ်နေပါပြီ။

တောင်ကိုရီးယားမှာ 84 ယောက်အသစ်တွေ့ခဲ့ပြီး 100 အောက်ရောက်လာတာ 3 ရက်ရှိပါပြီ။

Diamond Princess သင်္ဘောကြီး ပေါ်က သင်္ဘောသားတွေရော ခရီးသည်တွေ အားလုံးဟာ Mar 1 ရက်နေ့ကတည်းက ဆင်းခဲ့ကြပါပြီ။ Mar 6 အထိ သင်္ဘောပေါ်က 3711 ယောက်မှာ 696 ယောက်ရောဂါဖြစ်ခဲ့ပြီး 7 ယောက်သေခဲ့ပါတယ်။

အီရန်မှာ အကျဉ်းသား 85000 ကို ယာယီလွှတ်ပေးလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါပါတယ်။ အီရန်မှာဒီလောက်ဖြစ်နေတာတောင် လူတွေက March 20 ရက်နေ့ နှစ်ကူးအတွက် ပစ္စည်းဝယ်ထွက်ကြပါတယ်။ အခုလို နှစ်ကူးအတွက် ဈေးဝယ်ထွက်တာဟာ ကိုယ့်ဟာကိုယ်သေကြောင်းကြံခြင်းပဲလို့ အီရန်ကျန်းမာရေးဌာနက ပြောလိုက်ပါတယ်။

အစ္စရေးမှာ အားလုံးကို အိမ်ထဲမှာနေခိုင်းထားပါတယ်။ ကျန်းမာရေးထွက်လုပ်ချင်ရင် ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိမှ 10 မိနစ်ထွက်လုပ်ခွင့် ပြုပါတယ်။

ဥရောပနိုင်ငံများအခြေအနေ…

အီတလီမှာ သေဆုံးသူ 2500 ကျော်သွားအပြီးမှာ ဆေးကျောင်းသား 10000 ကို final exam မဖြေခိုင်းတော့ပဲ တန်းပြီးဆရာဝန်တွေအဖြစ် အလုပ်ဝင်ခိုင်းခဲ့ပါတယ်။ ဥရောပဖလား UEFA ဘောလုံးပွဲတွေကို 2020 မှ June 11 – July 11, 2021 ခုနှစ်ကို ရွှေ့လိုက်ပါတယ်။

အမေရိကန်အခြေအနေ…

အမေရိကန်သမ္မတ Trump က National Unity တနိုင်ငံလုံး စည်းလုံးညီညွတ်စွာနဲ့ COVID-19 ကို ရင်ဆိုင်ဖို့ ပြောကြားလိုက်ပါတယ်။ အမေရိကန်မှာ 1776 ယောက်အသစ်တွေ့ခဲ့ပြီး 23 ယောက်ထပ်သေခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း 195 နိုင်ငံမှာ 165 နိုင်ငံတွင် တွေ့နေပါပြီ။ ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 198229 ယောက်၊ သေသူ 7965 ယောက်။ ပြန်ကောင်းသူ 81734 ယောက်။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 6% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။ ပိတ်လိုက်တဲ့ case 89699 မှာ 81734 ပြန်ကောင်းပြီး 7965 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 9% ရှိနေပါတယ်။

စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာ တွေ့သူ 80894, သေသူ 3237 ယောက်ပါ။ တရုတ်နိုင်ငံပြင်ပ ကူးစက်သေဆုံးမှု အများဆုံး (၁၀) နိုင်ငံကတော့…

၁။ အီတလီ တွေ့သူ 31506, သေသူ 2503, မနေ့က 3526 အသစ်တွေ့။ ၂။ အီရန် တွေ့သူ 16169, သေသူ 988, 1178 ထပ်တွေ့ပါတယ်။ ၃။ စပိန် တွေ့သူ 11826, သေသူ 533, 1884 အသစ်တွေ့။ ၄။ ဂျာမနီ တွေ့သူ 9367, သေသူ 26, 2095 အသစ်တွေ့။ ၅။ တောင်ကိုရီးယား တွေ့သူ 8413, သေသူ 84။

၆။ ပြင်သစ် တွေ့သူ 7730, သေသူ 175, 1097 အသစ်တွေ့။ ၇။ အမေရိကန် တွေ့သူ 6456, သေသူ 109, 1793 အသစ်တွေ့။ ၈။ ဆွစ်စလန် တွေ့သူ 2742, သေသူ 27, ၉။ အင်္ဂလန် တွေ့သူ 1950, သေသူ 71, နှင့် ၁၀။ နယ်သာလန် တွေ့သူ 1705, သေသူ 43 တို့ဖြစ်ပါတယ်။

Richard Myo Thant
18-Mar-2020