သံ ရုံးတွေက စာထုတ်ပီး သူတို့နိုင်ငံသားတွေကို ပြန်လာဖို့ခေါ်ပါတယ်။ ဒါကလဲ မမှားပါဘူး။ ဝူဟန်တုန်းကလဲ တရုတ်က သူတို့လူတွေကို ပြန်ခေါ်သလို မြန်မာနိုင်ငံကလဲ မြန်မာနိုင်ငံက ကျောင်းသားတွေကို သွားခေါ်ခဲ့တာပါပဲ။ အခု ဗြိတိန်နဲ့ ဂျာမနီတို့က သူတို့ နိုင်ငံသားတွေကို ပြန်စုစည်းချင်လို့ ခေါ်ပါတယ်။ အဓိကအချက်က လေကြောင်းလိုင်းတွေ လျော့နည်းလာတာနဲ့ မြန်မာနိုင်ငံကလဲ အဝင်အထွက်ကို Lock Down ချလိုက်ရင် သူတို့နိုင်ငံသားတွေ ပြန်မရမှာ စိုးလို့ပါ။ ဒါပေမယ့် အကြောင်းတခုအဖြစ် မြန်မာနိုင်ငံကျန်းမာရေးကုသမှု Facilities တွေက မလုံလောက်ဘူးလို့ ပါပါတယ်။

အမှန်ပါပဲ။ Mask တွေ မရှိဘူး။ Gloves တွေ နည်းလာတယ်။ PPE တွေ လိုက်တောင်းနေရတယ်။ အသက်ရှူစက်တွေ နည်းလွန်းတယ်။ တိုင်းပြည်က မွဲတယ်။ ဆင်းရဲတယ်။ အစိုးရက သိန်း ၃၀၀၀ လောက်ပဲ ချပေးနိုင်သေးတယ်။ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေဟာ လစာတို့ ထောက်ပံ့မှုတို့ထက် စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေရတာပါ။ သူများတိုင်းပြည်တွေကတော့ ဘီလီယံနဲ့ချီပီး ထောက်ပံ့နိုင်ပါတယ်။ ဒီမှာကတော့ အရည်အချင်းနဲ့ စိတ်ဓာတ်ပဲ အဓိက ရှိပါတယ်။ ရောဂါမရှိသေးတဲ့ နိုင်ငံအနည်းငယ်အနက် ပါဝင်နေတာ အစွမ်းကုန်ကြိုးစားမှုရဲ့ ရလဒ်ပါပဲ။ ဥရောပတိုက်ကတော့ ကြိုတင်ပြင်ဆင်မှုမှာ အားနည်းခဲ့ပါတယ်။

အခုရက်ပိုင်းတွေမှာတော့ ပြည်သူတွေက အလှူငွေတွေ၊ ပစ္စည်းတွေ တောက်လျှောက်လာလှူတော့ နည်းနည်း အသက်ရှူချောင်လာရပါတယ်။ ဝန်ကြီးဌာနအနေနဲ့လဲ လူနာတွေထားဖို့ နေရာအသစ်တွေ တိုးချဲ့လာတယ်။ ဆရာဝန်အင်အား နည်းပါးလို့ ဆေးရုံကြီးတွေက ဆရာဝန်တွေက အဲဒီနေရာတွေကိုပါ အလှည့်ကျ ဆင်းနေကြရတယ်။ တကယ်လို့ ပိုးတွေ့လာလို့ အင်အားမနိုင်တော့ရင်လဲ ကူညီကြမယ့် Volunteer ဆရာဝန်တွေ အပြင်မှာ အသင့်ရှိနေပါသေးတယ်။ ဝန်ကြီးဌာနက စာတကြောင်းနဲ့ အကူအညီတောင်းဖို့ပဲ လိုပါတယ်။

ဒီလို ကန့်သတ်ချက်တွေ ရှိတာ မှန်ပေမယ့် မြန်မာနိုင်ငံမှာ စောင့်ကြည့်ခံရတဲ့ နိုင်ငံခြားသားလူနာတွေကော ပြည်တွင်းလူနာတွေကိုပါ တတ်နိုင်သမျှ အကောင်းဆုံးစောင့်ရှောက်ပေးနေပါတယ်။ သူတို့ကိုယ်တိုင်ရဲ့ ပြောစကားတွေလဲ သတင်းတွေမှာ တွေ့နေရမှာပါ။ ပြောရမယ်ဆို ဒီတခါ ကျန်းမာရေးဌာနဟာ သူ့သမိုင်းတလျှောက်မှာ အကောင်းဆုံးဆိုတဲ့ ကြိုးစားအားထုတ်မှုမျိုးကို ပြုလုပ်နေတာပါ။

ဒါပေမယ့် သံရုံးစာထဲ ဒီလို ရေးသားထားတော့ ဆင်းရဲတဲ့နိုင်ငံက ပေးဆပ်သူများအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှိတဲ့ အင်အားနဲ့ ပြည်သူတွေကော တိုင်းပြည်ထဲက နိုင်ငံခြားသားတွေကိုပါ ဆက်လက်ပီး အစွမ်းကုန် ကြိုးစားကာကွယ်နေမှာကတော့ အမှန်တရားပါပဲ။ ကျနော်တို့တိုင်းပြည်ဟာ ဧည့်သည်တွေအပေါ်လဲ တာဝန်ကျေခဲ့ကြပါတယ်။

တခါတရံမှာ ပေးဆပ်သူတွေရဲ့ ဘဝဟာ ခက်ခဲပင်ပန်းကြမ်းတမ်းလှပေမယ့် ကိုယ့်နှလုံးသားထဲမှာတော့ ပေးဆပ်ခြင်းတွေအတွက် ကြည်လင်ရွှင်ပျစွာနဲ့ လိပ်ပြာသန့်သန့် ရှင်သန်နိုင်ပါလိမ့်မယ်။ ဘယ်သူသိသိ မသိသိ ဘဝမှာ လိုအပ်နေတာကလဲ အဲဒီအကြည်စိတ်ကလေးပါလို့ပဲ ဆိုလိုက်ပါရစေ။

Nay Thway