ယေ န့ မတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က မကွေးမြို့ ဆားတိုင်ကန်ကျေးရွာမှာရှိတဲ့ ဂိုထောင်တစ်ခုအပေါ် ပေါက်ကွဲနိင်တဲ့ (လက်နက်လို့ယူဆရ) အရာကျခဲ့လို့ ဂိုထောင်အမိုးအနည်းငယ်ပျက်ဆီးခဲ့ပြီး အမျိုးသမီးတစ်ဦး ခြေထောက်အနည်းငယ်(မစိုးရိမ်ရ) ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

” ဖြစ်စဉ်ကတော့ မနက် ၇နာရီ ၃၀ မီနစ်ဝန်းကျင်လောက်မှာ ဖြစ်သွားတာပါ၊ ဖြစ်ပုံကတော့ လက်နက်ရှော့တိုက်တဲ့အခါမှာ လမ်းကြောင်းလွဲတာလို့ လေတပ်က ပြောတယ်၊ လူကတော့ဘာမှမဖြစ်ပါဘူး၊ ကလေးမတစ်ယောက်ပဲ ပွန်းပဲ့ရုံဖြစ်သွားတာပါ၊ ပျက်ဆီးမှုကတော့ ဂိုထောင်ပဲနည်းနည်းပါးပါး ပျက်ဆီးသွားတာပေါ့၊ လက်နက်က မကွေးလေတပ်ကလို့” ဆားတိုင်ကန်ရွာရှိ ဂိုထောင်ပိုင်ရှင်ဦးဖိုးနီက ပြောပါတယ်။

” ဝုန်းကနဲ့အသံကြားလိုက်ရတာပါ၊ ဂိုထောင်ထဲက လေအိုးပေါက်တယ်လို့ထင်တာ၊ တပ်မတော်သားကြီးတွေလာမှ သိတာ၊ ဦးဖိုးနီစက်ရုံဆို‌တော့ ကျွန်တော်တို့ကလဲအဲဒီအထဲကိုမဝင်ရဲဘူး‌၊ အကုန်လုံးအပေါက်ပိတ်ထားတာ ဝင်လို့လဲမရဘူး၊ အလုပ်ကလဲ ပိတ်ထားတာပါ၊ အသက်၃၀‌အမျိုးသမီးတစ်‌ယောက်တော့ ပွန်းပဲ့ဒဏ်ရာရသွားတယ်လို သိရပါတယ်၊ မနက်၇နာရီသာသာလောက်ကဖြစ်သွားတာပါ၊ ရွာကလူတွေကတော့ လန့်သွားတာပေါ့” လို့ ဆားတိုင်ကန်ကျေးရွာမှဦးသန်းနိုင်က ပြောပါတယ်။

” လန့်သွားတာပါပဲ၊ အသက် ၆၀ကျော်ပါပြီ ဝုန်းဆိုပြီး ဒီလိုပေါက်ကွဲသံ ဒီတစ်ခါပဲကြားရပါတယ်၊ ခဏနေတော့ တပ်မတော်ကအရာရှိတွေ ၁၀ ဦးခန့် ပေါက်ကွဲတဲ့နေရာကို ရောက်လာတာမြင်လိုက်ပါတယ်”လို့ ဆားတိုင်ကန်ကျေးရွာမှ ဒေါ်လှထွေးကပြောပါတယ်။

ယနေ့ မနက် ၇ နာရီ ၂၅ မိနစ်အချိန်ခန့် လေဝုန်းဆိုတဲ့ ပေါက်ကွဲသံကြားရကြောင်း၊ ဘယ်ကနေ ဘာဖြစ်တာလဲလို့ လိုက်စုံစမ်းကြည့်ရာ လေတပ်ကနေပြီးတော့ လက်နက်ချော်ထွက်တယ်ဆိုပြီး သိရကြောင်း ဂိုထောင်တွင်နေထိုင်သည့် ကိုအာကာမင်းက ပြောပါတယ်။

” လေတပ်ကနေပြီးတော့ အကုန်လုံးတာဝန်ယူမှု တာဝန်ခံမှုနဲ့ ပျက်ဆီးတဲ့ပစ္စည်းမှန်သမျှပြင်ပေးမယ်ပြောတယ်၊ ထိခိုက်တဲ့အမျိုးသမီးကိုလဲ ဆေးရုံဆေးခန်းကအစတစ်ခါထဲ လိုက်ပို့ပြီးတော့လနစ်နာကြေးကအစ တစ်ခါထဲပေးသွားပါတယ်၊ အမျိုးသမီးအသက် ၃၅ နှစ်လောက်ရှိမယ်ထင်ပါတယ်၊ လူထိခိုက်မှုတော့မရှိပါဘူး၊ ပစ္စည်းနစ်နာမှုတော့ရှိပါတယ်၊ ပျက်ဆီးသွားတဲ့ ပစ္စည်းတွေတော့ လေတပ်ကအရာရှိကပြင်ပေးမယ်လို့ပြောပါတယ်၊ လေတပ်ကလာသွားတာ ၁၀ ယောက်ကျော်လာက်ရှိပါတယ်” လို့ ကိုအာကာမင်းက ပြောပါတယ်။

ယနေ့ဖြစ်သွားတာမှန်ပါတယ်၊ တပ်မတော်ကသက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိခိုက်ပျက်ဆီးသွားသည့်နေရာသို့ ချက်ခြင်းသွားရောက်ပြီး နစ်နာသူနဲ့ တွေ့ဆုံကာ ကူညီဆောင်ရွက်ပေးနေပါကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူထံမှ သိရပါတယ်။ ဘယ်လိုလက်နက် ဖြစ်တယ်ဆိုတာတော့ လေတပ်ကပြောမသွားတာကြောင့် မသိလိုက်ရဘူးလို့ ဆိုပါတယ်။

ရွာသား (မကွေး)
Crd-HotNewsMyanmar