ပု သိမ်ဆေးရုံကြီး covid-19 အတွက် အဆင်သင့်ဖြစ်ပြီလား။ကျွန်တော့်ကို မကြာခဏ မေးကြတဲ့ မေးခွန်းပါပဲ။

တကယ့် ခေတ်မီတဲ့ အမေရိကန်၊ တောင်ကိုရီးယား၊ အီတလီလို နိုင်ငံမျိုးတွေတောင် အဆင်သင့် မဖြစ်သေးပါဘူးလို့ အော်နေကြချိန်မှာ ကျွန်တော်က အဆင်သင့်ပဲလို့ ဖြေရဲစရာ မရှိပါ။

ဧရာဝတီ တစ်တိုင်းလုံးရဲ့ အားကိုးရာ ကုတင် ၅၀၀ဆံ့ ပုသိမ်ဆေးရုံကြီးမှာ ဘာတွေ လိုအပ်နေလဲဆိုတာ ပြောပြခွင့်လေးပြုပါ။

(၁) Isolation Ward(သီးခြားခွဲထားမည့် လူနာခန်း )

ကုတင် (၇)လုံး ဆံ့ပါတယ်။တကယ်လို့ လူနာ (၇)ယောက် ထက် ကျော်လာရင်ရော ဘယ်မှာထားမှာလဲ။အလယ်ကုတင် ကောက်ထိုးလို့၊ ခုတင်ထပ်ထည့်လို့ ရတဲ့အမျိုး မဟုတ်ပါ။သာမန် လူနာနဲ့ ရောထားလို့ကတော့ ဘာပြောကောင်းမလဲ။ ဆွေကုန်မျိုးကုန် ဖြစ်ကုန်ကြမှာပါ။ဆေးရုံတွေမှာ တကယ်ဖြစ်ရင် isolation ward အဆောင်တွေ လောက်မှာ မဟုတ်ပါ။

ပုသိမ်ဆေးရုံအတွက်ကတော့ အရန်အဆောင်အနေနဲ့ တည်ဆောက်ပြီးစီးနေပြီဖြစ်တဲ့ Guard Ward ကို ထပ်တိုးလူနာထားနိုင်ရန် ပြင်ဆင်မှုတွေ လုပ်ထားဖို့ အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ကျင်းပတဲ့ covid-19 အစည်းအဝေးမှာ တင်ပြလာခဲ့ပါပြီ။gurard ward ကို ယာယီ isolation ward လုပ်ဖို့ ပြုပြင်တည်ဆောက်တာတွေ လုပ်ရပါဦးမယ်။

(၂) စက်ကိရိယာတွေ။

လိုလားမေးရင် တခြားဆေးရုံတွေနဲ့ အတူတူပါပဲ။အသက်ရှုစက် (၁)လုံးသာ ရှိပါသေးတယ်။ လူနာ (၁)ယောက်ဆိုရင်တော့ ဟုတ်ပါရဲ့၊ (၂)ယောက်ဖြစ်ချိန်ကစလို့ အခက်အခဲတွေ့ပါပြီ။လူနာကုတင် (၇)လုံးဆိုတော့ စက်တွေလည်း (၇)လုံး ရှိသင့်ပါတယ်။ ဒါပေမယ့် စက်တစ်လုံးကို သိန်း (၁၃၀)ကနေ (၂၀၀)ကျော်အထိ ဆိုတော့ မျှော်သာမျှော်နေရတဲ့ အခြေအနေပါ။

လူနာစောင့်ကြည့်ဖို့ monitor စက်တွေ (၇)လုံးလောက်လိုပါတယ်။လောလောဆယ် တစ်လုံးရှိနေပေမယ့်လူနာ (၇)ယောက်စာ ပြင်ရဆင်ရမှာမိုနောက်ထပ် လှူဒါန်းကြစေချင်ပါတယ်။ တစ်လုံးကို (၁၅)သိန်းကနေ (၂၅)သိန်းအထိ တန်ကြေးရှိပါတယ်။ကျန်းမာရေးဝန်ထမ်းတွေအတွက် ၀တ်ရုံတွေကရော။အစုံ (၇၀) ရှိပါတယ်။ များလှချည်လား မထင်ပါနဲ့။

လူနာတွေ့လို့ သွားခေါ်ရပြီဆို လူနာတင်ကား ဒရိုင်ဘာ (၂)ယောက်က (၂)စုံ ကုန်ပါပြီ။ နေ့စဉ်ဝင်ကြည့်မယ့် သမားတော်နဲ့ သူ့လက်ထောက် က တစ်နေ့ (၂)စုံ၊ သန့်ရှင်းရေးဝန်ထမ်းက (၁)စုံ၊ လည်ချောင်းတို့ဖတ်ယူမယ့်အဖွဲ့က (၂)စုံ။ လူနာ ဆေးရုံမှာ (၅)ရက်နေရင် အစုံ (၂၀) အေးအေးဆေးဆေးပါ။လူနာ (၃)ယောက်လာရုံနဲ့ အစုံ(၇၀)ကုန်ပါ့မယ်။ တစ်စုံကို ၂၅၀၀၀ ကျပ်ကနေ ၅၈၀၀၀ ကျပ်ဆိုတော့ ကျွန်တော်တို့မှာ သုံးရမှာ အတော် အားနာနေရပါတယ်။

တစ်နိုင်ငံလုံးမှာ PPE ၀တ်စုံတွေ အများအပြားလိုလာပါလိမ့်မယ်။ပုသိမ်ဆေးရုံကြီးအတွက်လည်း PPE တွေ အနည်းဆုံး အခု (၅၀၀)လောက်တော့ ရှိသင့်တယ် ထင်ပါတယ်။အောက်စီဂျင် ပေးတဲ့စက် (Air sep)တွေ၊ အကြောဆေးသွင်းတဲ့စက် (infusion pump) ဆေးထိုးတဲ့စက် (syringe pump) တွေ တစ်လုံးကို (၁၅)သိန်း ၀န်းကျင်နဲ့ (၇)ကုတင်စာ လိုနေပါသေးတယ်။

ဒါ့အပြင် N-95 Mask တွေ လိုအပ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်ကံကောင်းတာက မိတ်ဆွေ ဦးညီညိ+ဒေါ်စုစုမြင့် မိသားစု OK သီဟိုစေ့ ရောင်းဝယ်ရေး N&S စိန်ရွှေရတနာရောင်းဝယ်ရေး မိသားစု ဗိုလ်ချုပ်ဈေးက N-95 mask အခု (၁၀၀၀၀) လှူဒါန်းပေးခဲ့တာပါပဲ။ တကယ်လိုအပ်နေချိန်မှာ လှူဒါန်းပေးတဲ့ ဦးညီညီ+ဒေါ်စုစုမြင့် မိသားစုကို တကယ်ပဲ ကျေးဇူးတင်လှပါတယ်။

covid-19 လူနာ ရောက်လာရင် ဓါတ်မှန်ရိုက်ဖို့ လိုအပ်လာပါလိမ့်မယ်။အဲဒီအခါ အများသုံး ဓါတ်မှန်ခန်းမှာ ရိုက်ရင် အားလုံး ကူးစက်ကုန်မှာ အသေအချာပါပဲ။တကယ်တော့ Isolation Ward ထဲမှာ Portable X-ray machine ထားပြီး ရိုက်မှ အဆင်ပြေမှာပါ။Portable X-ray Machine ကလည်း သိန်း (၁၀၀)လောက် ရှိနေတာမို့ အလှူခံရဦးမှာပါပဲ။

(၃) အဆိုးဆုံးကတော့ ၀န်ထမ်းအင်အားပါ။

အခုအချိန်မှာ တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေ၊ တစ်ကမ္ဘာလုံးက ကျန်းမာရေးဝန်ထမ်းတွေ ဘယ်ခေတ်နဲ့မှ မတူအောင် ပင်ပန်းနေကြပါပြီ။ဒီနေ့ သတင်းထဲမှာ ကြည့်လိုက်ရတာ တို့တွေဟာ ဘယ်ကလာမှာမှန်း မမြင်ရတဲ့ ရန်သူကို shadow boxing လုပ်နေရသလိုပဲတဲ့။ဒါပေမယ့် ကျွန်တော်တို့ မငြင်းဘဲ ဆက်လက် ဆောင်ရွက်နေဆဲပါ။

ပစ်စရာ ကျည်ဆံနဲ့တူတဲ့ စက်ကိရိယာတွေ မစုံလင်ပေမယ့် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေဆဲပါ။တကယ်လို့ positive လူနာ တစ်ယောက် ပေါ်လာလို့ စမ်းသပ်တဲ့ ဆရာဝန် ၀န်ထမ်းတွေ ကလည်း ဘာကြိုတင်ကာကွယ်မှုမှ လုပ်မထားမိသေးဘဲ စမ်းမိရင် လူနာကိုင်မိသူများ quarantine (၁၄)ရက်ထိပါ့မယ်။ ဆရာဝန်၊ ဆရာမ၊ သန့်ရှင်းရေး အကုန် (၁၄)ရက် ထိပါ့မယ်။

အဲဒီလို အဖြစ်မျိုး positive လူနာ(၅)ယောက်လောက်မှာ ကြုံရရင် quarantine အလုပ်ခံရတဲ့ အရေအတွက် တစ်အားများပြီး ပုံမှန် ဆေးရုံ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။

ဘာပဲပြောပြော ကျွန်တော်တို့ကတော့ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်လို့ ခံယူရင်း စွမ်းသမျှ တတ်သမျှ ပညာပေး ဟောပြောဆဲပါ။
ဘယ်လိုပင် ပြောပြော ဘုရားပွဲ ဂေါပကတွေက အေးဆေး၊ ကမ်းခြေလာချင်သူတွေကလည်း အေးဆေး၊ တရားပွဲတွေ တရားစခန်းတွေကလည်း အေးဆေး ၊
ကျွန်တော်တို့ အသိရှိဖို့ လိုပါပြီ။

ရှေ့တန်းက တာဝန်ယူ ဖြေရှင်းနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်သမျှ ဖြည့်ဆည်းကြဖို့ အချိန်ကြနေပါပြီ။ဆက်သွယ်လှူဒါန်းချင်တယ်ဆိုရင်ဒေါက်တာသန်းမင်းထွဋ်၊ ဆေးရုံအုပ်ကြီး၊ပုသိမ်ပြည်သူ့ဆေးရုံကြီး။ဖုန်း ၀၉ ၇၈၈၂၀၂ ၆၀၂ ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းပါ။မြန်မာပြည်ကြီး covid-19 ကပ်ဘေးမှ ကင်းဝေးကြပါစေ။

Dr. Tham Min Htut