ဝေ ဘာဂီစရောက်တဲ့နေ့က သံသယလူနာကို ဘယ်လို facilitate လုပ်ပါတယ်ဆိုတာလေးရေးဖြစ်ပါတယ်။ဒီနေ့တော့ ဘယ်လိုစည်းစနစ်တွေရှိတယ်ဆိုတာ ပြောပြပါ့မယ်။

ကျနော်တို့နေတဲ့နေရာကို အဆောင်လို့ခေါ်ပါ့မယ်။ ကျနော်တို့အဆောင်က တော်တော်ကျယ်ပါတယ်။ ပေ ၂၀ ပတ်လည် အခန်း ၂ ခန်းရှိပြီး အခန်း ၂ ခန်းကြားမှာ လျှောက်လမ်းရှိပါတယ်။ ရေချိုးခန်း ၁ ခန်း၊ အိမ်သာ ၃ ခန်းရှိပြီး အဝတ်လျှော်စက်ရှိတဲ့အခန်းထဲမှာတော့ အဝတ်လှန်းဖို့ စင်တွေရှိပါတယ်။

အခန်း ၁ ခန်းမှာ ကျတော်တို့နှစ်ယောက်နေပြီး နောက်တစ်ခန်းမှာ ကိုးရီးယားကပြန်လာတဲ့ လူငယ်လေးနှစ်ယောက်နေတယ်။ သူတို့က ဘူဆန်နားက စက်ရုံမှာအလုပ်လုပ်တဲ့လူငယ်လေးတွေပါ။ သူတို့က ကျနော်တို့ထ က်စောရောက်နေတာဖြစ်ပြီး လာမယ့်စနေနေ့မှာ ပြန်ကြမယ့်သူတွေပါ။

ဒီနေရာမှာ မေးစရာမေးခွန်းလေးတွေ ပေါ်လာမယ်ထင်ပါတယ်။အရင်ရောက်နေတဲ့လူတွေက နောက်ရောက်လာတဲ့လူတွေဆီကနေ ရောဂါမကူးနိုင်ဘူးလားလို့။ အဲဒီအတွက် ဆေးရုံကစီစဉ်ထားပါတယ်။ ကျနော်တို့ရောက်တဲ့နေ့မှာ ကိုးရီးယားပြန်လူငယ်နှစ်ယောက်ကို ဆေးရုံကမှာထားပါတယ်။ ကျနော်တို့နေတဲ့အခန်းထဲမသွားဖို့နဲ့ စကားမပြောဖို့ပါ။ ဒုတိယရက်၊ negative လို့အဖြေထွက်ပြီးမှသာ သူတို့နဲ့အခြေအနေတူသွားတာကြောင့် တစ်အုပ်စုတည်းဖြစ်သွားပါတယ်။

နောက်ထပ်မေးစရာမေးခွန်းက “အကယ်၍ positive လို့အဖြေထွက်ရင်ကော”။ positive ဆိုရင်တော့ ဒီအဆောင်ကနေ ခေါ်ထုတ်သွားမှာဖြစ်ပါတယ်။ အတူနေခဲ့တဲ့သူတွေကိုလည်း လိုအပ်သလို ထပ်မံစစ်ဆေးရမှာဖြစ်ပါတယ်။

“ဆေးရုံဝန်ထမ်းတွေနဲ့ ဘယ်နှစ်ကြိမ်တွေ့ရသလဲ”။
တစ်နေ့ နှစ်ကြိမ်တွေ့ပါတယ်။ အဖျားတိုင်းပေးတယ်၊ သွေးပေါင်ချိန်တိုင်းပေးတယ်၊ ဘာဖြစ်သလဲ ဘာခံစားရသလဲမေးပြီး လိုအပ်သလို စီစဉ်ပေးပါတယ်။

သံသယလူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေ ထိတွေ့ဆက်ဆံမှုကို အနည်းဆုံးဖြစ်အောင် စီစဉ်ထားပါတယ်။

ကျနော်တို့နေတဲ့အဆောင်ကို ထမင်းဟင်း၊ ရေသန့် ပို့ပေးတဲ့နည်းကိုလည်းပြောပြပါ့မယ်။ ကျနော်တို့က အဆောင်ရဲ့အပြင်ဘက်ကိုထွက်လို့မရပါဘူး။ တံခါးတွေအကုန်လုံးကို အပြင်ကနေ လော့ချထားပါတယ်။ ဝန်ထမ်းတစ်ယောက်က ထမင်းဟင်းဖြစ်ဖြစ် ရေသန့်ဖြစ်ဖြစ် တစ်ခုခုလာပို့တဲ့အခါမှာ မှန်တံခါးကြီးအပြင်ဘက်မှာရှိတဲ့ စားပွဲပေါ်ကို လာတင်သွားပါတယ်။

သူလာထားသွားတာကို ကျနော်တို့က အခန်းထဲကနေမြင်ရတယ်။ လာထားပြီးရင် တံခါးလော့ခ်ကို ဖွင့်ပေးပြီး ထွက်သွားပါတယ်။ ဒီအခါမှာ ကျနော်တို့က တံခါးဖွင့်ပြီးယူတယ်၊ ပြီးရင်တံခါးပြန်ပိတ်လိုက်တယ်။ တအောင့်ကြာတော့မှ ဝန်ထမ်းက တံခါးလော့ခ်ကိုလာချပါတယ်။

ဆိုချင်တာက စားစရာလာပို့တဲ့ဝန်ထမ်းနဲ့ ကျနော်တို့နဲ့ ထိတွေ့ဆက်ဆံမှုမရှိဘူးဆိုတာကိုပါ။ ကျနော်တို့အိမ်တွေကနေ စားစရာနဲ့ အသုံးအဆောင်ပစ္စည်းတချို့ လာပို့တဲ့အခါမှာလည်း တိုက်ရိုက်လာပို့ခွင့်မရှိပဲ ဆေးရုံဂိတ်မှာပဲထားခဲ့ရပြီး ခုနကပြောခဲ့တဲ့နည်းနဲ့ပဲ ကျနော်တို့ဆီကို ရောက်လာတာဖြစ်ပါတယ်။

သန့်ရှင်းရေးအတွက်ကိုတော့ ဆေးရုံဝန်ထမ်းတစ်ဦးက PPE ဝတ်ဆင်ပြီး တစ်နေ့တစ်ကြိမ် လာရောက်ဆောင်ရွက်ပေးပါတယ်။ဒီနေ့ပြောတာတွေကတော့ ဆေးရုံကစီစဉ်ထားတဲ့ စည်းစနစ်များအကြောင်းပဲဖြစ်ပါတယ်။မနေ့ညက အမေစုပြောသလိုပါပဲ။ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေနဲ့ ရုပ်ဝတ္ထုပိုင်းမှာမယှဉ်နိုင်ပေမဲ့ လူတွေရဲ့အသိနဲ့ စည်းကမ်းလိုက်နာမှုတွေမှာတော့ ကောင်းကောင်းယှဉ်နိုင်ကြောင်းပါခင်ဗျ။

လေးစားစွာဖြင့် ခရစ်ဒက် ……Aungthet Htwe