ကို ရိုနာဗိုင်းရပ်စ်(Covid-19) ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်နေသည့် ဥရောပ ၄ နိုင်ငံအပါအဝင် အီရန်၊ တရုတ်နှင့်ကိုရီးယားနိုင်ငံမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့လာရောက်မည်ဆိုပါက အသွားအလာကန့်သတ်ခြင်းနှင့် ၁၄ ရက်စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်(Covid-19) ရောဂါဖြစ်ပွားသေဆုံးမှုများသော အီတလီ၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ အီရန်၊ တရုတ်၊ ကိုရီးယားနိုင်ငံမှဝင်ရောက်လာသောခရီးသည်များကို ယာယီအသွားအလာကန့်သတ်ခြင်းလုပ်ငန်းများအား မတ်လ ၁၅ ရက်မှစတင်၍ တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေပြီး အသွားအလာကန့်သတ်ခြင်း ၁၄ ရက် စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

“ ဥရောပ ၄ နိုင်ငံနဲ့ အီရန်က ဒီကိုလာရင်ဒီမှာ ၁၄ ရက်စောင့်ကြည့်မယ်လို့ လုပ်ထားတာ။ တချို့ခရီးသည်တွေကမခံနိုင်တဲ့အတွက် ပြန်ကြတယ်။ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊စပိန်၊ အီရန် သူတို့နိုင်ငံတွေမှာအခြေအနေဆိုးနေလို့လေ။ ဒီနိုင်ငံထဲဝင်လို့ရှိရင် ၁၄ ရက်စောင့်ကြည့်မယ်။ ကျန်းမာရေးထောက်ခံချက်လည်းမရတော့ဘူးထင်တယ်။ ၁၄ ရက်စောင့်ကြည့်မယ့်အခြေအနေရှိပါတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကပြောသည်။

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19)ပိုးကူးစက်လူနာ ၂၄၇၄၇ ဦးနှင့် သေဆုံးသူ ၁၈၀၉ ဦး၊ ပြင်သစ်နိုင်ငံတွင် ပိုးကူးစက်လူနာ ၄၅၀၀ နီးပါးနှင့် သေဆုံးသူ ၉၁ ဦး၊ ဂျာမနီနိုင်ငံတွင် ပိုးကူးစက်လူနာ ၄၈၃၈ ဦးနှင့် သေဆုံးသူ ၁၂ ဦး၊ စပိန်နိုင်ငံတွင် ပိုးကူးစက်လူနာ ၇၇၅၃ ဦးနှင့် သေဆုံးသူ ၂၈၈ ဦး၊ အီရန်နိုင်ငံတွင် ပိုးကူးစက်လူနာ ၁၃၉၃၈ ဦးနှင့် သေဆုံးသူ ၇၂၄ ဦး၊ ကိုရီးယားနိုင်ငံတွင် ပိုးကူးစက်လူနာ ၈၂၃၆ ဦးနှင့် သေဆုံးသူ ၇၅ ဦး၊ တရုတ်နိုင်ငံတွင် ပိုးကူးစက်လူနာ ၈၀၈၆၀ ဦးနှင့် သေဆုံးသူ ၃၂၁၃ ဦးရှိကြောင်း သိရသည်။

ယင်းအပြင် ၂၀၂၀ ခုနှစ်၊ မတ်လ ၁၅ ရက်၊ နံနက်ပိုင်းတွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည့်ဥရောပနိုင်ငံအချို့မှ နိုင်ငံတကာခရီးသွားများ၏ပြည်ဝင်ခွင့်မရရှိခဲ့သည့်အကြောင်းအရာကို မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းသို့အသိပေးအကြောင်းကြားလာမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

အကုန်သိ