ကို ရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် မူကြိုတွေပိတ်ဖို့ လူမှုဝန်ထမ်းက ညွှန်ကြားထားပါပြီ။ ရုပ်ရှင်ရုံတွေလည်း ပိတ်လိုက်ပါပြီ။ အခုအချိန်မှာ ဘာသာရေးပွဲတွေ၊ ဘုရားဖူးတွေ အကုန်ရပ်ထားသင့်ပြီလို့ ယူဆပါတယ်။ ဗုဒ္ဓဘာသာတစ်ခုတည်းကို ပြောတာ မဟုတ်ပါဘူး။ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗလီတွေ ဘာသာအားလုံးကို ဆိုလိုပါတယ်။

တောင်ကိုရီးယားမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ ဘာသာရေးစုရုံးပွဲ(ခရစ်ယာန်အမည်ခံ ရှင်ချွန်းဂျိ ဘာသာရေးကျောင်း) တစ်ခုကနေ ကူးစက်လိုက်တာ အခုဆိုရင် တစ်နိုင်ငံလုံး လူပေါင်း ၈၂၃၆ ယောက် ကူးစက်ခံလိုက်ရပါပြီ။ မလေးရှားမှာ ဗလီတစ်ခုကနေ ကူးစက်တာ လူပေါင်း ၄၂၈ ယောက် ကူးစက်ခံနေရပါပြီ။

ဒီအခြေအနေမှာ ဘာသာရေးဆိုပြီး အရဲမကိုးသင့်တာကို တည့်တည့်မတ်မတ် ရှုမြင်သင့်ပါပြီ။ အခု ရွှေစက်တော်ဘုရားပွဲ ပိတ်လိုက်ပြီ။ ကျိုက်ထီးရိုးမှာတော့ ဝက်ဝက်ကွဲပဲ။ အမေရေယဉ်ပွဲ ဆိုတာကလည်း ခြိမ့်ခြိမ့်သဲ။ ကဲ.. ဘယ်လိုလုပ်ကြမလဲ။

ငါတို့ဟာငါတို့သွားတာ… သေသေဟယ်ဆိုပြီး ပြောလို့မရပါဘူး။ ဖြစ်လာရင် ငါတို့ဟာငါတို့ပဲ ဖြစ်မှာ မဟုတ်ပါဘူး။

မြန်မာပြည်မှာ COVID-19 မရှိသေးဘူးဆိုတာ တစ်နိုင်ငံလုံးစစ်ဆေးထားတာ မဟုတ်ပါဘူး။ ဆေးရုံဆေးခန်းရောက်လာတဲ့ သံသယလူနာတွေကို စစ်ဆေးထားတဲ့ရလဒ်ပဲ ရှိတာပါ။ COVID-19 ဟာ ကူးစက်ပြီးနှစ်ပတ်လောက်အထိ ရောဂါလက္ခဏာမပြဘဲ နေနိုင်ပါတယ်။ အခု သွားနေကြတဲ့ လူအုပ်ကြီးထဲမှာ ရောဂါရှိသူ ပါ/မပါ ကံသေကံမ မပြောနိုင်ပါဘူး။

အိမ်ကဘုရားလည်း ဘုရားပါပဲ။ ဒီစေတီတော်ကြီးကိုမှ ဖူးတွေ့ချင်ပါတယ်ဆိုရင်လည်း မသေသေးရင် နောင်အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဒီအချိန်မှာ ဘာအကြောင်းနဲ့မှ Risk ယူဖို့ မသင့်ပါဘူး။

နတ်ကိုင်ခံရမှာ ကြောက်ရင်လည်း နတ်ထက်အရင်ကြိုကိုင်ခံရနိုင်တဲ့ COVID-19 က ပိုကြောက်စရာကောင်းပါတယ်။ အိမ်ကပဲ တောင်းပန်ကြပါ။ တိုးလျိုးကြပါ။ နတ်လည်း အဲ့လောက်တော့ နားလည်မှာပါ။

အစိုးရတာဝန်ရှိလူကြီးမင်းများလည်း အများပြည်သူရဲ့မျက်နှာကိုပဲ ကြည့်ပြီး လုပ်ဆောင်သင့်တာတွေကို မကြောက်မရွံ့ ဆောင်ရွက်ပေးကြပါတော့။ ကိုယ့်ထက် အင်အားကြီးတဲ့နိုင်ငံတွေ၊ တိုးတက်တဲ့နိုင်ငံတွေ၊ အစစအရာရာ သာလွန်တဲ့ နိုင်ငံတွေမှာတောင် ဒီဗိုင်းရပ်စ်ကြောင့် လူ့အသက်တွေကို လည်စင်းပေးနေရတာ ကိုယ်တွေနိုင်ငံမျိုးမှာ ဖြစ်လာရင် ဒုက္ခနဲ့လှလှနဲ့ တွေ့ကုန်ကြလိမ့်မယ်။

ဘုန်းတော်ကြီးတစ်ပါး ရေးထားသလို ပြောရရင် မြတ်ဗုဒ္ဓတောင်မှ ရောဂါဝေဒနာခံစားရတဲ့အခါ ဇီဝကကိုပဲ ဆေးကုစေခဲ့တာပါ။ ပရိတ်တွေ၊ ပဌာန်းတွေ ရွတ်တာ ရွတ်ပါ။ ကုသိုလ်ရေးမို့ ကောင်းတဲ့အလုပ်ပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေကိုတော့ အပြည့်အဝ လိုက်နာပေးကြပါ။

ဘာသာရေးပွဲတွေမှာလည်း လူအပြည့်၊ ဘားတွေ ကလပ်တွေ Night Life တွေမှာလည်း မနည်းမနော၊ ကိုယ့်ကိုယ်ကိုယ် COVID-19 ပြီးနေတယ်များ ဘဝင်ကိုင်နေကြလားမသိ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆုတောင်းကြဖို့ ပြောထားပြီ။ ဗြိတိန် ဝန်ကြီးချုပ်က COVID-19 အတွက် ကိုယ်ချစ်ရသူတစ်ယောက်ဆုံးရှုံးဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပြီလို့တောင် ပြောနေပြီ။ ဒီအနေအထားဟာ ကြောက်ကို ကြောက်သင့်တဲ့အနေအထား ဖြစ်နေပြီ။ ကမ္ဘာနဲ့ချီတဲ့ ကပ်ရောဂါဆိုတာ ဟေးလားဝါးလားနဲ့ ပြီးသွားမှာ မဟုတ်ဘူး။

ဒီအခြေအနေမှာ မြန်မာမှာ မရှိသေးလို့ စိတ်ချမ်းသာနေတာက တစ်ပိုင်း၊ ရှိမလာဖို့ ကြိုတင်ကာကွယ်ရမှာက တစ်ပိုင်းပါ။ မြင်ရတွေ့ရတာတွေက ရင်ပူရလွန်းလှတယ်။ နည်းနည်းပါးပါး အိမ်ထဲနေကြပါတော့လားဟယ်…

အိပန်ဆယ်လို