မြ ကာ ခဏဆိုသလို မြင်မက်နေကျ အိပ်မက်တွေဟာ မသိစိတ်က တစုံတခုကို စွဲလမ်းမှုကြောင့် မက်တာလို့ယူဆနိုင်ပေမယ့် အိပ်မက်တွေဟာ သင်ကိုယ်တိုင်တောင် သတိမထားမိတဲ့ သင့်အကြောင်းတွေကို ပြောပြနိုင်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် ကိုယ်က ဘယ်လိုအိပ်မက်မျိုးတွေကို မက်နေကျလဲဆိုတာကို အခုပြောပြပေးမယ့် အိပ်မက်အမျိုးအစားတွေနဲ့ တိုက်ပြီးဆန်းစစ်ကြည့်နိုင်ပါတယ်။

(၁) အိပ် မက်ထဲမှာ လေထဲပျံနေတာမျိုးတွေ၊ ကိုယ်ယောင်ဖျောက်နိုင်တာမျိုးတွေကို မက်လေ့ရှိသူဆိုရင်တော့ သင်ဟာ သာမန်လူတွေထက် ဖန်တီးနိုင်စွမ်းပိုမိုမြင့်မားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူဖြစ်ပါတယ်။

(၂) လက်တွေ့အပြင်လောကနဲ့ နီးစပ်တဲ့ သိပ်ထူးထူးဆန်းဆန်းလည်း မဟုတ်တဲ့ အိပ်မက်တွေကို မြင်မက်နေကျသူဆိုရင်တော့ ရှေးရိုးစွဲဆန်ပြီး စိတ်သဘောထားကြီးတတ်ကြသူတွေပဲ ဖြစ်ပါတယ်။

(၃) ကိုယ်နဲ့လည်း အပြင်မှာ တခါမှမတွေ့ဖူးတဲ့သူတွေ၊ မကောင်းဆိုးဝါးတွေနဲ့ ဝိဉာဉ်လောကက အရာတွေကို မကြာခဏမက်လေ့ရှိသူတွေဟာ လက်တွေ့ဘဝမှာ ကိုယ်ရင်မဆိုင်ချင်တဲ့ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာကြောင့် စိတ်ရှုပ်ထွေးနေရသူတွေ ဖြစ်ပါတယ်။

(၄) အိပ်မက်ထဲမှာ စာမေးပွဲဖြေနေရတယ်လို့ ခဏခဏ မက်တတ်သူတွေကတော့ လက်တွေ့ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခြတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ဖို့ စွမ်းရည်နဲ့ သင်ယူလေ့လာမှုစွမ်းရည်တွေကို ဦးနှောက်က ပံ့ပိုးပေးနေတာကြောင့် ဒီလိုမကြာခဏ မက်နေရတာ ဖြစ်ပါတယ်။

(၅) အိပ်မက်ထဲမှာ ရေနစ်တာမျိုးတွေ၊ တယောက်ယောက် နောက်ကလိုက်နေလို့ ထွက်ပြေးနေရတာမျိုးတွေ မက်တတ်သူတွေကတော့ ဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာမျိုးဖြစ်ပြီး စိတ်ရှုပ်ထွေးနေတဲ့အချိန်၊ အာရုံကြောပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတခုခု ရှိတဲ့အခါမျိုးမှာ မက်တတ်ပါတယ်။

(၆) အိပ်နေချိန်အတွင်းမှာ မတူညီတဲ့ အိပ်မက်တွေကို တခုပြီးတခု ဆက်တိုက်ဆိုသလို မက်နေမယ်၊ နိုးလာတဲ့အခါလည်း အိပ်မက်တွေကို ပြန်မမှတ်မိဘဲ အိပ်ရေးမဝသလို ခံစားနေရမယ်ဆိုရင်တော့ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်ပြီး စိတ်ဓာတ်ကျစရာ အခြေအနေတခုခု ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။