ကို ရိုနာ အတွေးများ

အီ တလီနိုင်ငံ၊ ပီယာမွန်တီ ပြည်နယ်၊ တူရင်မြို့က အရေးပေါ်ဌာနတစ်ခုရဲ့ထုတ်ပြန်ချက်မူကြမ်းတစ်ခုမှာ လူနာတွေသာ တအားများလာခဲ့မယ်ဆိုရင် နောက်ထပ်တွေ့မယ့် ကိုရိုနာလူနာတွေထဲက အသက်၈၀နဲ့ အထက် သို့မဟုတ် အခြေအနေဆိုးတဲ့သူတွေကို အထူးကြပ်မတ်ကုသမှု ခံစားခွင့် ငြင်းပယ်ရလိမ့်မယ်လို့ ဖော်ပြထားသတဲ့။ ယူကေ အခြေစိုက် တယ်လီဂရက်ဖ် သတင်းမှာ ပါလာတယ်။

အီတလီမှာလောလောဆယ် အထိနာဆုံးက လွန်ဘာဒီ ပြည်နယ်ပါ။ ဒါပေမယ့် ပီယာမွန်တီ မှာလည်း တစ်နေ့တည်းကို လူနာ ၁၈၀ နဲ့ သေဆုံးသူ ၂၇ ဦးထိ မှတ်တမ်းဝင်ထားပါတယ်။ ဒီစည်းမျဉ်းတွေအရ အထူးကြပ်မတ်ကုသမှု မခံစားရတဲ့သူတွေဟာ အခြားသော ပုံမှန်စောင့်ရှောက်မှုတွေ ဆက်လက် ရရှိနေဦးမှာပါ။

အထူးကြပ်မတ်ကုသမှု မရတဲ့အခါ လူနာတချို့ဖိတ်စင်ကုန်မှာကို အီတလီဆရာဝန်တွေ စိုးရိမ်ကြပေမယ့် လက်ရှိ အီတလီရဲ့ ရှိရှိသမျှ အထူးကြပ်မတ်ဆောင် လူနာကုတင် စုစုပေါင်း ၅၀၀၀ ကျော်ဟာ ပြည့်လို့ လျှံနေတဲ့ အခြေအနေတစ်ခု ဆိုက်နေပါပြီ။ လက်ရှိ လူနာ ၁၄၀၀ ကျော် ဖိတ်စင်ခဲ့ပြီး နေ့စဉ်နဲ့အမျှ ပိုများလာဖို့ရှိပါတယ်။ ကူးစက်ခံရသူက ၂၀၀၀၀ ကျော်ပါပြီ။ အစိုးရဆေးရုံတွေတင်မက ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေ သူနာပြုဆောင်တွေနဲ့ နောက်ဆုံး ယာယီတဲတွေဆောက်ပြီးတော့ပါ လူနာတွေအတွက် ပြင်ဆင်နေပေမယ့် အလျဉ်မမီတဲ့ အနေအထားတစ်ခုမှာ ဆရာဝန် ဆရာမ ဆေးလုပ်သားနဲ့ ဆေးပစ္စည်းတွေကိုပါ လိုအပ်နေပါတယ်။

အရေးပေါ် ကယ်ဖို့ မကယ်ဖို့က လူနာရဲ့ အသက်အရွယ် နဲ့ ရောဂါအခြေအနေပေါ် မူတည်လာခဲ့ရင် ဒါဟာ ကပ်ရောဂါ အသွင်တစ်ခု အခြေမျိုး ဆိုက်လာခဲ့တာပါပဲ။ မြောက်များလှစွာသော လူနာတွေရဲ့ ကုသမှုခံယူဖို့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ပြည့်ဝတဲ့ ကြပ်မတ်ကုသမှုအတွက် အရင်းအမြစ်တွေ မလုံလောက်တော့တဲ့အခါ ချိန်ခွင်လျှာကို ပြန်ထိန်းဖို့ ဒါမျိုး စည်းမျဉ်းတွေ ချမှတ်ရမယ့် အချိန်တစ်ခုဟာ အီတလီမှာ လက်တကမ်းပဲ လိုပါတော့တယ်။

ဒီမူကြမ်းဟာ အချောသတ်ပြီးသား ဖြစ်ပါတယ်။ သိပ္ပံနှင့်နည်းပညာ ကော်မတီရဲ့ ခွင့်ပြုမိန့်ကို စောင့်နေတဲ့ ကာလပါ။ အစိုးရဘက်က ပြောတာက ဒီစည်းမျဉ်းတွေဟာ အီတလီ တစ်နိုင်ငံလုံးကို လွှမ်းခြုံသက်ရောက်မှု ရှိလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပီယာမွန်တီ နယ်ရဲ့ ကိုရိုနာဗိုင်းရပ်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ကော်မတီ ဥက္ကဌ ဖြစ်တဲ့ ရောဘတ်တို တိုင်စတီ ပြောတာကတော့ “ဒီလို လူနာ ကန့်သတ်ရတဲ့ စည်းမျဉ်းတွေမသုံးရအောင် အတတ်နိုင်ဆုံး အချိန်ဆွဲနိုင်သလောက် ဆွဲထားပါမယ်။ လောလောဆယ်တော့ အရေးပေါ်ကြပ်မတ်ဆောင်တွေ ရှိနေပါသေးတယ်။ ထပ်ပြီးလဲ အသစ်တွေ ထပ်ဆောက်ဖို့ လုပ်နေပါတယ်” တဲ့။

“ဘယ်သူ ရှင်ပြီး ဘယ်သူ သေဖို့ အဆုံးအဖြတ်ပေးရသလို အခြေအနေမျိုး ဘယ်တော့မှ မရောက်စေချင်ပါဘူး။ ဒါပေမယ့် တခါတလေကျ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေလုပ်ရတတ်တယ်။ အဲ့လိုလုပ်နိုင်ဖို့ စနစ်တစ်ခုက ရှိကိုရှိဖို့ လိုအပ်ပါတယ်” လို့ ရောဘတ်တိုက ဆက်ပြောသွားပါတယ်။

ဒီသတင်းလေး ဖတ်ပြီး အတွေးထဲ ပြေးမြင်မိတာ တိုက်တန်းနစ်ကားထဲက သင်္ဘောကြီး နစ်နေတဲ့အချိန် အဖိုးကြီး အဖွားကြီး ၂ယောက်သား အခန်းလေးထဲမှာ တစ်ယောက်လက် တစ်ယောက်ကိုင်ရင်း အိပ်နေကြတဲ့အခန်း။

အခြေအနေတစ်ခု အဆိုးဆုံး ဖြစ်လာရင် prioritized ဆိုတာ လုပ်ကို လုပ်ရတယ်။
အီတလီလို ဥရောပသမဂ္ဂ အဖွဲ့ဝင် အင်အားကြီး နိုင်ငံတစ်ခုတောင် အရှိုက်မိသွားတာနဲ့ အတော်ကြီး ခံနေရပြီ။ ကိုယ်နိုင်ငံမှာ လောလောဆယ် လူနာ မတွေ့သေးတာ ခံသာသလို ဝန်ကြီးဌာန အဆင့်ဆင့် စနစ်တကျလုပ်နေတာတွေ ကျေးဇူးတင်တယ်။ တကယ်က လူတိုင်းမှာသာ လုံလောက်တဲ့ ကျန်းမာရေး အသိရှိရင် ဌာနက နှိုးဆော်ထားတာတွေလိုက်နာ၊ မှန်ကန်တဲ့သတင်းတွေကို မျက်ခြေမပြတ်ရင်ကိုပဲ အတော်ကြီး ဘေးကင်းပါတယ်။

စိုးရိမ်မိတာကတော့ ဘာသာရေးတို့ ယဉ်ကျေးမှုတို့ ရိုးရာအမွေအနှစ်တို့ဆိုတဲ့ အလုံးတွေပဲ။ အပိုတွေလည်း သိပ်ပြောတတ်ကြတယ်။ တစ်နှစ်လေး ရိုးရာ မထိန်းသိမ်း မစောင့်ရှောက်လိုက်ရုံနဲ့ ဘာမှ ကမ္ဘာပျက်မသွားဘူး။ ရိုးရာတို့ ယဉ်ကျေးမှုတို့က လူတွေအကုန်လုံး မာလက ဈာန်ကြွသွားကြရင်တောင် ကျန်ရစ်ခဲ့မယ့်ဟာတွေချည်းပါပဲ။ ဘုရားဟော ထားပြီးသားပါ။ အသက် ဉာဏ်စောင့်ပါတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ အများနဲ့ ဆိုင်လာရင် ဉာဏ်ဆိုတာကလည်း herd immunity ရဖို့ လိုသေးတာကလား။ တခါတလေ common sense ကို vaccine ဖော်လို့ရရင် ဘယ်လောက်များ ကောင်းမလဲတွေးမိပါရဲ့။

Crd:CeleLawka