ကို ရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်သည့် အနေဖြင့် ရှင်လောင်းပွဲနှင့် သင်္ကြန်ပွဲကဲ့သို့ လူစုလူဝေးများ မလုပ်ကြရန် မေတ္တာရပ်ခံကြောင်း အောက်စဖိုဒ့်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိက မိန့်ကြားသည်။

မတ်လ (၁၄)ရက်က ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၌ တရားတော်ဟောပြောရာတွင် ဆရာတော်က အောက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။

“ကာကွယ်မှုက အကောင်းဆုံးဆေးကုသခြင်းဆိုတဲ့အတိုင်းပဲ လူစုလူဝေးအကြီးကြီးတွေ မလုပ်နဲ့။ သင်္ကြန်ပွဲတွေမလုပ်နဲ့ ရှင်လောင်းပွဲတွေ မလုပ်နဲ့။ ရှင်လောင်းပွဲ မလုပ်ပဲနဲ့ ရှင်ပြုလို့ရပါတယ်။ အများက အပြင်ကနေမြင်တဲ့ ရှင်လောင်းလှည့်တာတွေ၊ ခမ်းခမ်းနားနားလုပ်တာတွေက သတိတရားချွတ်ချော်တဲ့အချိန်မျိုးမှာ ဆိုရင်ပြိုင်ဆိုင်တဲ့ အတွေးဖြစ်တတ်ပါတယ်။ ရှင်လောင်းပွဲ မပါဘဲ ရှင်ပြုတာ ပိုပြီးတော့တောင် ကုသိုလ်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပကာသနတွေ မပါလို့ပါ” ဟု အောက်စဖိုဒ့်ဆရာတော်က မိန့်ကြားသည်။

ရှင်လောင်းပွဲကျင်းပရာတွင် ကုန်ကျမည့် အလှူငွေများကို ပညာရေးကဏ္ဍများသို့ လှူဒါန်းခြင်းဖြင့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်များ ဖြစ်လာနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ပကာသနအတွက် ကုန်ကျတဲ့ပိုက်ဆံတွေကို သားသမီးတွေရဲ့ ပညာရေးအတွက် တစ်ချို့ ထားပါ။ စာသင်တိုက်တွေမှာ မိဘနဲ့ ဝေးပြီးတော့ နေနေရတဲ့ ကိုရင်လေးတွေ၊ သီလရှင်လေးတွေရဲ့ ပညာရေးအတွက် တတ်နိုင်သလောက် လှူဒါန်းပါ။ မပြည့်မစုံဖြစ်နေတဲ့ အတန်းကျောင်းတွေမှာလည်း ကိုယ်တတ်နိုင်သလောက် ကြီးကြီးကျယ်ကျယ် ရှင်လောင်းလုပ်မယ့် အထဲက အသုံးပြုပြီးတော့ လှူပါ။ ရှင်လောင်းအကြီးအကျယ်ပြုမယ့် နေရာမှာ အသုံးပြုမယ့် ပိုက်ဆံတွေကို သား၊ သမီးတွေရဲ့ ပညာရေး၊ ကိုရင်လေးတွေရဲ့ ပညာရေးမှာ အသုံးပြုလိုက်တာက ပညာပါတဲ့ အတွက် အလိုလို နေရင်းနဲ့ တိုင်းပြုပြည်ပြုပုဂ္ဂိုလ် ဖြစ်သွားမယ်” ဟုလည်း ဆရာတော်က မိန့်ကြားသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ မတ် (၁၃) ရက်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှ သတိပေးချက်တစ်စောင် ထုတ်ပြန်ထားပြီး ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်၊ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူ၊ ဝန်ထမ်းများအနေဖြင့် ပြည်တွင်း ခရီးသွားလာမှုကို လျှော့ချရန်၊ လေယာဉ်ခရီးဖြင့် သွားလာမှုကို ရှောင်ကျဉ်ရန်၊ ပြည်ပခရီးမှ ပြန်ရောက်လာသူများသည် ပြင်ပကျန်းမာရေး ထိန်းသိမ်းစောင့်ကြည့်ရာဌာနတွင် အနည်းဆုံး (၁၄) ရက်နေပြီးမှသာ တက္ကသိုလ်အတွင်းသို့ ဝင်ရောက်ကြရန် မေတ္တာရပ်ခံထားသည်။

Ref – TSTD