ကို ရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မြင့်တက်နေတဲ့ နိုင်ငံ (၇) နိုင်ငံကလာတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားခရီးသွားတွေကို (၁၄) ရက်ကြာ ပြည်တွင်းမှာ သီးသန့်ခွဲခြားစောင့်ကြည့်ပြီးမှ ပြည်ဝင်ခွင့်ပြုမယ့်အစီအစဉ်ကို ဒီကနေ့ မတ်လ (၁၅)ရက်နေ့မှာ စတင်လိုက်ပြီဖြစ်တယ်လို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။

အဲဒီ (၇) နိုင်ငံက ကိုရီးယား၊ တရုတ်၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီတို့ ဖြစ်ပြီး အဲဒီက လာသူတွေထဲမှာ မြန်မာနိုင်ငံသားတွေပါရင် အဲဒီမြန်မာနိုင်ငံသားတွေလည်း (၂)ပတ်ကြာ သီးသန့်ခွဲထားစောင့်ကြည့်ပြီးမှ သွားလိုရာကို သွားခွင့်ပြုမှာဖြစ်ပါတယ်။

ဒီကနေ့ကစတဲ့ အဲဒီအစီအစဉ်ကြောင့် မန္တလေးကို ဆိုက်လာတဲ့ ဘန်ကောက်အဲဝေးအပါအဝင်လေယာဉ် (၃)စင်းမှာပါလာတဲ့ အထက်ပါ နိုင်ငံတွေက ခရီးသွားတွေက မြန်မာနိုင်ငံထဲမဝင်တော့ဘဲ ပြန်လည်ထွက်ခွာသွားတယ်လို့ မန္တလေးလေဆိပ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာမှာတော့ အမေရိကန်ပြည်ထောင်စုပါ ပါဝင်နေပြီး စုစုပေါင်း ရှစ်နိုင်ငံပေမယ့် လေဆိပ်တာဝန်ခံကတော့ သူတို့ကိုညွှန်ကြားလာတဲ့အထဲမှာ အမေရိကန် မပါဘူးလို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

အဲဒီနိုင်ငံကလာသူတွေကို ရန်ကုန်လေဆိပ်မှဆိုရင် ဝေဘာဂီဆေးရုံ၊ မန္တလေးလေဆိပ်မှဆိုရင် ကန်တော်နဒီဆေးရုံမှာ (၂)ပတ်ကြာ စောင့်ကြည့်မယ့်အစီအစဉ်အပေါ် လက်မခံတဲ့ ခရီးသည်တွေကတော့ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

Ref – BBC