မိုင်း အနိုင်၊ရွှေဖီမြေ

ပြီးခဲ့တဲ့ ဇန်နာဝါရီ ၂၄ရက်နေ့မှာ ကွက်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာတစ်ဦးဖြစ်သူ လွေးမြမွေးအောင်ကို ပစ်သတ်ခဲ့သည့်

မိုင်းဖိုစိန်ကို TNLAက ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ (၃၀၂)အရ ထောင်ဒဏ် နှစ်၂ဝချမှတ်လိုက်ကြောင်း TNLAရဲ့ ပြန်ကြားရေးမှူး ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

အဲဒီ ထောင်ဒဏ် နှစ်၂ဝကို ပြီးခဲ့တဲ့ မတ်လ ၉ရက်နေ့မှာ ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“တရားရေးဌာနကို တရားစွဲဆို တင်ပို့ပြီးမှ ဇန်နာဝါရီ ၂၇ကနေ စပြီးတော့ အမှုစစ်ဆေးတယ်။ ရုံးချိန်းကို ၂ခါလုပ်တယ်။ ဖိုးစိန်ဘက်က အမျိုးတွေရော အသတ်ခံရတဲ့ ဆရာမတွေဘက်ကရော ခေါ်ပြီးတော့လုပ်တယ်။ သက်သေကကတော့ ၄ဦးခေါ်ပြီး စစ်ဆေးတယ်”လို့ ပြောပါတယ်။

မိုင်းဖိုးစိန်ကို သူ့ရဲ့ မူလ ရာထူးကို ဖြုတ်ချပြီး တပ်သားအဆင့်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုင်းဖိုးစိန်ရဲ့ မူလရာထူးကိုတော့ TNLAဘက်က မပြောပါဘူး။

“တစ်သက်တစ်ကျွန်းဒဏ်နဲ့ ညီမျှတဲ့ ပုဒ်မ ၃၀၂နဲ့ ထောင်ဒဏ် နှစ် ၂၀ချမှတ်လိုက်တယ်။ နှစ်ဖက်လုံး မိဘတွေက စီရင်ချက်ချတဲ့နေ့ရော အကုန်လုံးတော့ လာကြတယ်”လို့ မိုင်းအိုက်ကျော်က ဆက်ပြောပါတယ်။

မိုင်းဖိုးစိန်နဲ့ လွေးမြမွှေးအောင်တို့သည်လူမှုရေးပြဿနာဖြစ်ပွားခဲ့ပြီး မိုင်းဖိုးစိန်က လွေးမြမွှေးအောင် တာဝန်ကျတဲ့ ဟွေခုတ်ရွာအထိ လာရောက်ပြီး ပစ်သတ်သွားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – U Ba Nyan
Shwe Pher Myay News JournL