ခိုင် မာစိတ်ချရတဲ့ သတင်းအချက်အလက်တွေက ဖော်ပြနေတာက ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မှုအန္တရာယ်ကြီးမားတယ်၊ ဒါပေမဲ့ အမှန်တကယ် သေဆုံးနိုင်သူအရေအတွက် နည်းပါးတယ်ဆိုတဲ့အချက်ဖြစ်တယ်။

ရောဂါဖြစ်သူရဲ့ ၉၅ ရာခိုင်နှုန်းဟာ ဒီဗိုင်းရပ်စ်ကို အံတုနိုင်ပြီး၊ သေဆုံးသူတွေဟာ ရောဂါအခံရှိသူ၊ အသက်အရွယ်ကြီးလို့ ကိုယ်ခံအားကျဆင်းနေသူတွေသာဖြစ်တယ်။ သာမန်လူတွေအတွက်တော့ ကူးစက်ခံရရင်တောင် အရမ်းစိုးရိမ်စရာမလိုဘူး။ အေးအေးဆေးဆေးအနားယူအားမွေးလိုက်ရင် အိမ်မှာနေရင်း ပြန်ကောင်းသွားတဲ့ အခြေအနေဖြစ်ပါတယ်။ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း လူထုရှေ့ကို ထွက်ပြောတဲ့အချိန်မှာ တစ်ခြားနိုင်ငံမှာရှိနေတဲ့ ကိုယ်တောင် စိတ်အေးချမ်းမှုကို ရလိုက်တယ်။

ဖြစ်နေရင်တောင် အနားယူပါ။ အရမ်းမဆိုးရင် ဆေးရုံမသွားနဲ့၊ Panic buying မလုပ်ကြနဲ့ ဆိုတဲ့ အချက်အလက်တွေ ခေါင်းထဲမှာ ကျန်ခဲ့ပြီး ဒီဗိုင်းရပ်စ်ကို သိပ်မကြောက်တော့ဘူး။ ကမ္ဘာကျော်တွေထဲမှာ Positive ဖြစ်သူတွေရှိလာတယ်။ တွမ်ဟင့်မ်လည်း အေးဆေးပဲ။ အီတလီက ဘောလုံးသမားလည်း အေးဆေးပဲ။ စပိန်က ဘက်စကတ်ဘောသမားလည်း အေးဆေးပဲ။ ပြည်သူတွေကိုတောင် မကြောက်ကြဖို့ ပြန်မှာနေသေးတယ်။

အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကို စောင့်ကြည့်နေရင် ပိုတောင်စိတ်အေးရသေးတယ်။ သူက ဒါကို ရောဂါလို့ကို မထင်တာ။ အချိန်တန် ပြန်ပျောက်မယ့် တုပ်ကွေးအဆင့်လောက်သာ သဘောထားတာ။ ဒါတွေကို ကြည့်ရ၊ မြင်ရတော့လည်း တော်တော်စိတ်အေးရတယ်။ အတတ်နိုင်ဆုံးတော့ ကာကွယ်မယ်။ ကူးစက်ခံရရင်လည်း မကြောက်ဘူး။ ကိုယ့်အိမ်မှာ ကိုယ်နားမယ်။ Mask လေး တပ်ထားမယ်။ အိမ်သူ အိမ်သားတွေနဲ့ ဂရုစိုက်ဆက်ဆံမယ်။ ဒါဆိုရင် ပြန်ကောင်းလာဖို့ ၁၀၀ ရာခိုင်နှုန်းသေချာတယ်ဆိုတာလည်း သိလာတယ်။

အရေးအကြီးဆုံးက အကြောက်မလွန်ဖို့ပဲ။ ရုတ်ရုတ်သဲသဲမဖြစ်ဖို့ပါပဲ။ ​ဈေးကွက်မပျက်စီးဖို့၊ နေရိုးနေစဉ်အတိုင်းလေးကို နည်းနည်းလေး ပိုဂရုစိုက်ပြီး နေသွားဖို့ပဲ။ မြန်မာပြည်လို နိုင်ငံမျိုးမှာ Panic buying ဖြစ်လို့ မရဘူး။ ဆင်းရဲသားက များတယ်။ တစ်ခုခုဆို မဟုတ်ကဟုတ်က သတင်းတွေကို ယုံကြည်ပြီး အသည်းအသန် အလုအယက်တွေ လိုက်ဝယ်။ ​ဈေးကွက်ပျက်၊ ပစ္စည်းပျက်။ လက်ထဲ ငွေကိုင်ထားနိုင်သူတွေရဲ့ အိမ်တွေမှာ မလိုအပ်ဘဲ ပိုလျှံနေပြီး ဆင်းရဲသားတွေက ပိုကြပ်တည်းလာလိမ့်မယ်။ အလုအယက်ဝယ်နေကြသူတွေကို ကြည့်ပြီး မဝယ်နိုင်သူတွေရဲ့ အကြောက်တရားက ပိုတိုးလာတယ်။

ကုန်တိုက်တွေမှာ ပစ္စည်းပျက်တဲ့အခါ ​လောဘကြီးတဲ့ ရောင်းချသူ၊ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူတွေဟာ ဈေးတွေမတန်တဆ တင်ကြပြန်တယ်။ ဆင်းရဲသားတွေအတွက် ပိုဆိုးလာတယ်။ ကြောက်လည်းကြောက်တယ်။ လိုက်လည်းမဝယ်နိုင်ဘူး။ အဲ့ဒီမှာ မဖြစ်သင့်တာတွေဖြစ်လာတော့မယ်။ အကြောက်လွန်ပြီး ငွေမရှိရင် လုယက်တာတွေ ပါလာနိုင်တယ်။ မလုတဲ့သူတွေ ငတ်မယ်။ ကိုယ့်မှာ ငွေရှိတယ်ဆိုတိုင်း အတ္တမကြီးကြရင် အေးအေးဆေးဆေး လည်ပတ်ပါတယ်။ အေးအေးဆေးဆေးနေကြပါ။

မြန်မာပြည်မှာ ရောဂါမတွေ့သေးဘူးဆိုတာကိုလည်း သံသယကြီးနဲ့ အတင်းရှိခိုင်းနေမယ့်အစား တကယ်မရှိသလို သဘောထားပြီး အေးအေးဆေးဆေးနေပါ။ လက်မှန်မှန်ဆေး။ ကာကွယ်ဖို့ ထုတ်ပြန်ထားတာလေးတွေလိုက်နာပါ။ လူစုလူဝေးကိုရှောင်။ သင်္ကြန်လို ဟာမျိုး၊ ဘုရားပွဲတော်လိုဟာမျိုးကို ပိတ်ရင်ပိတ်၊ မပိတ်ရင်ရှောင်လိုက်။ အစိုးရရုံးပိတ်ရက်တွေမှာ အေးအေးဆေးဆေး အိမ်မှာ ဇိမ်နဲ့ နှပ်နေလိုက်။ ဝယ်သင့်သလောက် ဝယ်ခြမ်းထားလိုက်။ ပြီးပြီ။

လေးစားစွာဖြင့်
Credit-WhiteSone(HNM)