တော င်ကိုရီးယားမှာ Covid-19 ကပ်ရောဂါကြောင့် ဒီနေ့အထိ သေဆုံးသူ ၆၇ ဦး ရှိပါပြီ…။ တောင်ကိုရီးယားနောက်မှ ကူးတယ်လို့ သတင်းထွက်ခဲ့တဲ့ အီတလီမှာ ဒီနေ့ အထိစာရင်းအရဆို သေဆုံးသူဟာ ၁,၀၁၆ ဦး ဖြစ်ပါတယ်..။

ဒါဟာ အီတလီအနေနဲ့ လူနာသုညကို မသိလိုက်လို့ အခြေအနေ ဆိုးသွားတာဖြစ်ပါတယ်….။ လူနာသုည (patient zero) ဆိုတာ ဘာလဲ။ လူနာသုည ဆိုတဲ့ ဝေါဟာရကို ယေဘုယျအားဖြင့်ပြောရရင် ကူးစက်ရောဂါတစ်ခုမှာ ရောဂါကူးစက်ခံရသော ပထမဆုံးလူကိုရည်ညွှန်းတယ်..။

Covid-19 ကပ်ရောဂါ ရပ်ကွက်တစ်ခုမှာ၊ မြို့တစ်မြို့မှာ၊ နိုင်ငံတစ်နိုင်ငံမှာဖြစ်လာပြီဆိုရင် လူနာသုညကို အမိအရ ရှာရမှာဖြစ်တယ်..။ လူနာသုညကို ရှာနိုင်ရင် အဲဒီနေရာက ရောဂါကူးစက်နှုန်းကို အနည်းနဲ့ အများထိန်းချုပ်နိုင်သွားပြီ..။

လူနာသုညကို မသိလိုက်ဘဲ အချိန်ကြာလာတာနဲ့အမျှ လူတွေမဆင်မခြင်နေထိုင်ကြတဲ့ အချိန်က ပိုရှည်ကြာလာတယ်..။ အဲဒီလို အချိန် ပိုရှည်ကြာလာတာနဲ့အမျှ အီတလီလို အီရန်လို ထိမ်းမနိုင် သိမ်းမရ ဖြစ်တော့တာပဲ..။

အီရန်က လူနာသုည (patient zero) ဟာ တရုတ်နိုင်ငံနဲ့ Qom မြို့ကို ပုံမှန်သွားလေ့ရှိတဲ့ ကုန်သည်ဖြစ်မယ်.. အီတလီရဲ့ လူနာသုည က (ဖေဖော်ဝါရီ ၂၀ ရက်) မီလန်မြို့တောင်ဘက်မှာနေတဲ့ ပါကစ္စတန် (ရွှေ့ပြောင်းနေထိုင်သူတစ်ဦး) လူမျိုး ပစ္စည်းပို့သမား ဖြစ်နိုင်တယ်.. ဒီသတင်းတွေကို ငြင်းဆန်နေကြတုန်းပဲ..။ အသေအချာ မသိကြဘူး..။

Covid-19 လူနာသုည အများစုဟာတရုတ်ပြည်အလယ်ပိုင်း လယ်ပိုင်း ဟူးဘေးပြည်နယ်၊ ဝူဟန်မြို့ကဖြစ်ပါတယ်..။

ဇန်နဝါရီလ ၁၃ ရက်နေ့ ..။ ထိုင်းနိုင်ငံရဲ့ Covid-19 လူနာသုည ကတော့ အသက် ၆၁ နှစ်ရှိတဲ့ တရုတ် အမျိုးသမီးဖြစ်တယ်..။ တရုတ် အမျိုးသမီးက မိသားစုဝင်တွေနဲ့ အတူဘန်ကောက်ကိုလာလည်ရင်း Covid-19 ပေးသွားခဲ့ပါတယ်..။

နှစ်ရက်အကြာ.. ဂျပန်မှာ လူနာသုည ပေါ်လာတယ်..။ အသက် ၃၀ ကျော်အရွယ် ဂျပန် အမျိုးသားတစ်ယောက် (နေအိမ်- Kanagawa prefecture, southwest of Tokyo ) က တရုတ်နိုင်ငံသွားလည်ပြီး Covid-19 ယူလာတယ်..။

ဇန်နဝါရီလ ၂၀ ရက် ..၊ တောင်ကိုရီးယားရဲ့ လူနာသုညက ၁၉ ရက်နေ့က ဝူဟန်ကနေ တောင်ကိုရီးယားကို ဝင်လာတဲ့ တရုတ်လူမျိုး..။

ဇန်နဝါရီ ၂၃ ရက်၊ အမေရိကန်ပြည်ထောင်စု..။ အမေရိကန် လူနာသုညဟာ ဝူဟန်မြို့မှာရှိတဲ့ မိသားစုဆီ သွားရောက်လည်ပတ်ခဲ့တဲ့ ဝါရှင်တန်ပြည်နယ်က အသက် ၃၅ နှစ်အရွယ်အမျိုးသား…။

ဇန်နဝါရီလ ၂၃ ရက်နေ့ ..၊ ဗီယက်နမ်နိုင်ငံက လူနာသုညဟာ အသက် ၆၅ နှစ်အရွယ်ရှိတဲ့ ဖခင်တစ်ယောက်..။

တရုတ်ပြည် Wuhan မြို့မှာနေတဲ့ အဲဒီဖခင်ဖြစ်သူဟာ ဗီယက်နမ်က အသက် ၂၇ နှစ်အရွယ် သားဖြစ်သူနဲ့တွေ့ပြီး ဖခင်က အရင်ဖျားတယ်..။ သားကို ကူးခဲ့တယ်..။

ဇန်နဝါရီလ ၂၈ ရက် ..၊ ဂျာမနီနိုင်ငံရဲ့ လူနာ သုည ..။ အသက် ၃၃ နှစ်ရှိတဲ့ ဂျာမန်အမျိုးသားတစ်ဦး … သူ ဂျာမနီ၊ Bavaria ပြည်နယ်မှာ လေ့ကျင့်ရေး သင်တန်းတစ်ခု ခဏ သွားတက်တာ..။ သင်တန်းမှာ ရှန်ဟိုင်းကလာတဲ့ အမျိုးသမီးဆီကကူးတာ..။ စုံစမ်းကြည်တော့ အဲဒီအမျိုးသမီးဟာ ဂျာမနီမလာခင် ဝူဟန်မြို့ မှာရှိတဲ့ မိဘတွေဆီသွားခဲ့တာ..။

တောင်ကိုရီးယားဟာ Covid-19 ရဲ့ လူနာသုည ကို အတိအကျသိပြီးနောက်မှာ အတော့်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်..။ ဒါပေမဲ့ ဒဲဂုမြို့အရှေ့တောင်ဘက်က လျှို့ဝှက် ဘာသာရေး အသင်းဝင် ၆၁ နှစ်အရွယ်အမျိုးသမီး လူနာ ၃၁ က နေမကောင်းဖြစ်နေတာကို စကားနားမထောင်ဘဲ လူအုပ်စုကြား သွားရာကနေ တစ်နိုင်ငံလုံး ဒီလိုအဖြစ်ဆိုး ကြုံရတာဖြစ်တယ်..။

သတင်းတွေအရ မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 စတွေ့ရတဲ့ လူနာသုည (Myanmar’s patient zero) မပေါ်သေးဘူးလို့ ဆိုပါတယ်..။ သတင်းအတု၊ ကောလာဟလတွေကြောင့် ဒုက္ခမရောက်ကြပါနဲ့..။ တကယ်ဖြစ်လာခဲ့ရင် ရင်ဆိုင်ဖို့ အင်အားမရှိဘဲ ငွေကုန်လူပန်း ဖြစ်ကုန်ပါမယ်..။ ဒါပေမဲ့ တကယ်နေမကောင်းဖြစ်ရင်လည်း မပြောဘဲ ဆေးမြီးတိုနဲ့ကုပြီး ရေငုံနှုတ်ပိတ်မလုပ်ကြပါနဲ့လို့…။

မိမိကိုယ်တိုင်က လူနာသုည ဆိုရင်လည်း ဆေးရုံအမြန်သွားပါ..။ ဒါဟာ ရှက်စရာမဟုတ်ပါဘူး..။ ဘေးက မိသားစုတွေ နဲ့ သူငယ်ချင်းတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ့် ဟီးရိုးတစ်ယောက်ဖြစ်မှာပါ…။ လူနာသုညတွေကို ကျန်သူတွေက ကျေးဇူးတင်နေမှာပါ..။

ကျွန်မ အတွေ့အကြုံအရတော့ ကြောက်တာတော့ အမှန်ပါပဲ..။ ကြောက်ရင် အိမ်ထဲမှာနေ၊ လက်ကို စင်စင်ကြယ်ကြယ်ဆေး၊ ဘုရားစာရွတ်ဖို့ကလွဲပြီး…။

ဒီနေ့ တောင်ကိုရီးယားရဲ့ မတ်လ ၁၃ ရက် အခြေအနေ ဖြစ်ပါတယ်..။

ကိုရိုနာဗိုင်းရပ်စ် ရှိတယ်လို့ အတည်ပြုခံရသူ လူနာ စုစုပေါင်း – ၇၉၇၉ယောက် (မတ်လ ၁၂ ရက် နဲ့ နှိုင်းယှဉ်ရင် ၁၁၀ ယောက် တိုး) ကိုရိုနာဗိုင်းရပ်စ် ရှိတယ်လို့ သံသယရှိလို့ အစစ်ဆေးခံနေရတဲ့သူစုစုပေါင်း – ၁၇ ၉၄၀ ယောက် ( မတ်လ ၁၂ ရက် နဲ့ နှိုင်းယှဉ်ရင် ၂၁၃ ယောက်တိုး )

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ- ၆၇ ယောက် ( မတ်လ ၁၂ ရက် နဲ့ နှိုင်းယှဉ်ရင် ၆ ယောက်တိုး) ကိုရိုနာဗိုင်းရပ်စ်ဝင်လို့ ဆေးရုံတက်ပြီး ပြန်ဆင်းလာနိုင်တဲ့ လူနာ – ၅၁၀ ယောက် ( မတ်လ ၁၂ ရက် နဲ့ နှိုင်းယှဉ်ရင် ၁၇၇ ယောက်တိုး )

တောင်ကိုရီးယား ဂုရိုခရိုင် (Guro-gu) မှာရှိတဲ့ Ace အသက်အာမခံ ဖုန်းခေါ်ဆိုမှုစင်တာအဖွဲ့ အစုံလိုက်အပြုံလိုက် COVID -19 ရသွားတာ ဒီနေ့ဆို အယောက် ၂၀၀ အထိ တိုးလာပါတယ်…။ တောင်ကိုရီးယားနိုင်ငံကတော့ ရောဂါကူးစက်မှု အထူးထိန်းချုပ်စောင့်ကြည့်နေကြလို့ ရောဂါရတဲ့သူ အသစ်တွေ့နှုန်းတွေ အရင်ကထက်စာရင် ကျလာပါပြီ..။

ထင်သလောက် ထိန်းချုပ်မှုမရတာက နယ်မြေဒေသတစ်ခုစီမှာ အုပ်စုငယ်လိုက် ရောဂါတွေ ကူးစက်နေခြင်းကြောင့် ဖြစ်တယ်လို့ပြောပါတယ်..။ တောင်ကိုရီးယား၊ အီတလီနဲ့ အီရန်မှာ ရုတ်တရက် ကူးစက်မှုနှုန်း မြင့်တက်သွားတာဟာ လူစုလူဝေးကြောင့်ပါ..။ အခုအချိန်မှာ လူစုလူဝေးမလုပ်ကြဖို့ အရေးကြီးပါတယ်..။

ကျွန်မ မိဘ၊ ဆွေမျိုးတွေ နဲ့ မြန်မာပြည်က မောင်နှမတွေအားလုံးအတွက် မြန်မာ COVID-19 လူနာသုည မရှိပါစေနဲ့လို့ ဆုတောင်းပါတယ်….။

မရွှေမိုး (ကိုရီးယား)
March 13th, 2020.