မနေ့ ညက COVID-19 သတင်းတွေ အရမ်းဟော့လာတဲ့အချိန်မှာ မြို့ကြီးတွေမှာ လူတချို့ Panic Buy တွေ စလုပ်လာကြပါတယ်။ ဒါပေမယ့် ၀န်ကြီးဌာနကလဲ အချိန်နဲ့တပြေးညီ စာတွေထုတ်။ ပြည်သူတွေကလဲ စာတွေရေးပီး အချင်းချင်းထိန်းကြ ၀ိုင်းပြောကြတော့ ဒီနေ့မှာတော့ အတော်ကြီးကို ပုံမှန်အနေအထားပြန်ဖြစ်သွားပါတယ်။ ဒီနေရာမှာ ပြည်သူ့အားဟာ တကယ်လိုတယ်ဆိုတာကို သိလိုက်ရပါတယ်။

နောက်တခုက ကျနော်တို့ နိုင်ငံက ငမွဲပြည်လို့ ဆိုကြမှာပါ။ ပြည်သူအများစုကိုက တိုင်းပြည်ကို အထင်မကြီးကြပါဘူး။ ချစ်တာနဲ့ မတူပါဘူး။ အထင်မကြီးတာကို ပြောတာပါ။ ပညာရေး ညံ့မယ်။ ကျန်းမာရေးစောင့်ရှောက်မှု မကောင်းဘူး။ တပြည်လုံးက သံဃံဇာတတွေလဲ ကုန်ပီ။ သစ်တွေလဲ ပြောင်နေပီ။ အစရှိသဖြင့် နေရာတကာ မကောင်းတဲ့ဘက်က မြင်ကြပါတယ်။ တကယ်တမ်းကျ တိုင်းပြည်က အဲထက် အများကြီး ရှင်သန်နိုင်ပါတယ်။ အဲဒါကလဲ တခေတ်တခါက မွဲနေခဲ့တာလဲ ပါကောင်းပါမှာပါ။

စင်ကာပူမှာ COVID-19 စဖြစ်တော့ တပြည်လုံးလိုလို အလုအယက်ဝယ်ကြပါတယ်။ ပြောင်တလင်းခါပါပဲ။ သူတို့က တကယ်ပူစရာပါ။ ရေကအစ သူများဆီက ၀ယ်သောက်နေရတာပါ။ ဆန်ကို ထိုင်းက အဓိကသွင်းနေရတာပါ။ မြန်မာပြည်ကကျ မတူပါဘူး။ နေရာကျယ်တယ်။ မြစ်ချောင်းအင်းအိုင်တွေ အများကြီးရှိတယ်။ အဓိက စားကုန်ဖြစ်တဲ့ ဆန်ဆိုရင် ပြည်တွင်းမှာ ပိုလျှံလို့ ကမ္ဘာကို တင်ပို့နေတာ မနှစ်ကဆို ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူ စာရင်းမှာ နံပါတ် ၁၀ ရှိပါတယ်။

ပြောရမယ်ဆို တကယ်ဖြစ်လာလို့ ဆန်ပြုတ်ပဲ ထိုင်သောက်နေတောင် မြန်မာပြည်သားတွေ မငတ်နိုင်ပါဘူး။ တခြား အသီးအနှံတွေ မွေးမြူရေးတွေ အကုန် မြန်မာပြည်ထဲရှိနေပါတယ်။ နိုင်ငံခြားမပို့ရရင် ပြည်တွင်းမှာ ပိုပီးတော့တောင် အကောင်းတွေ စားရပါဦးမယ်။ သူများတိုင်းပြည်တွေက စက်မှုနိုင်ငံတွေပါ။ ဒါကြောင့် သူတို့မှာ စိုက်ပျိုးဖို့ မြေမရှိ။ မွေးမြူဖို့မြေမရှိလို့ အလုအယက် ၀ယ်ယူနေကြရတာပါ။ မြန်မာနိုင်ငံအနေအထားက ကမ္ဘာမှာ မချမ်းသာပေမယ့် စားဖို့သောက်ဖို့အတွက်ကတော့ ပေါများစွာ ရှိပါတယ်။

နောက် ရောဂါကာကွယ်ရေးနဲ့ ပတ်သက်လို့ မနေ့ကကော ဒီနေ့မှာပါ လူကြီးတွေ အများကြီး ရှင်းပြခဲ့ပီးပါပီ။ ဒါပေမယ့် လိုအပ်တာတွေလဲ ရှိပါတယ်။ ဒါကြောင့် အလှူခံနေကြပါတယ်။ နောက်တခုက Pandemics ဖြစ်လာပီးနောက် ကမ္ဘာပေါ်က ဘယ်နိုင်ငံကလူလာလာ သံသယလူနာအဖြစ် စောင့်ကြည့်ရမှာတွေ ရှိလာပါတယ်။ လက်ရှိ ဝေဘာဂီလောက်နဲ့ မလုံလောက်ပါဘူး။ သံသယလူနာတွေဟာ ရောဂါကူးစက်နေသူတွေ မဟုတ်ပါဘူး။ ကာကွယ်တဲ့အနေနဲ့ စောင့်ကြည့်နေတာပါ။ ဒါကြောင့် ဒီလိုများပြားလာမယ့် လူတွေကို ထားရှိဖို့ နေရာတွေလိုပါတယ်။

ဝန်ကြီးဌာနအနေနဲ့ အောင်ဆန်းမှာ၊ တောင်ဥက္ကလာမှာ၊ မြောက်ဒဂုံနဲ့ သိမ်ဖြူမှာ သံသယလူနာတွေထားရှိဖို့ကို လုပ်ဆောင် ပြင်ဆင်နေပါပီ။ ဒါဟာ စိုးရိမ်စရာမဟုတ်ပါဘူး။ ရှင်းပြခဲ့သလို လူများလာရင် ထားဖို့ပါ။ သူများနိုင်ငံတွေမှာလဲ အားကစားကွင်းတွေ၊ ခန်းမတွေကို ဆေးရုံတွေအဖြစ် ပြောင်းလဲကြသလိုပါပဲ။ လိုအပ်ရင် အသုံးပြုဖို့ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အပြစ်မတင်ကြပဲ လူအချင်းချင်း လူနာပင်ဖြစ်စေ စာနာပီး ကူညီကြစေချင်ပါတယ်။ အပြစ်တင် မရှုံချသင့်ပါဘူး။ ဘယ်သူမှလဲ ရောဂါဖြစ်ချင်မှာမဟုတ်လို့ပါ။ သူတို့လဲ အသက်တချောင်းနဲ့ ပါပဲ။

နောက်တခုကတော့ မြန်မာပြည်ရဲ့ လုပ်သားတွေရဲ့ အားထုတ်မှုပါ။ တရုတ်ပြည်က မကြာခင်မှာ တနေ့ကို Mask ၂ သန်းခွဲထုတ်နိုင်တဲ့ စက်တွေနဲ့ အလုပ်လုပ်တော့မယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် ကမ္ဘာတခုလုံးအတွက် မလုံလောက်ပါဘူး။ ဒါကြောင့် ဂျပန်အစိုးရက အကူအညီတောင်းပီး မြန်မာနိုင်ငံက Mask တွေ(ပိတ်စ Mask) များကို မြန်မာအလုပ်သမားတွေနဲ့ စက်ရုံတွေက ထုတ်လုပ်ပေးနေပါတယ်။ ပီးတော့ ဂျပန်ပြည်ကို တင်ပို့နေတာပါ။ စုစုပေါင်း သန်း ၅၀ လောက်ထုတ်လုပ်မှာဖြစ်ပီး ပထမအသုတ်တွေက ဂျပန်ကို ရောက်ရှိသွားပါပီ။ ဂျပန်ပြည်သူတွေက ကျေးဇူးတင်နေကြပါတယ်။

Surgical Mask တွေ မထုတ်လုပ်နိုင်ရင်တောင် နောက်ဆုံးမှာ ဒီလို Mask တွေကိုတော့ မြန်မာနိုင်ငံက ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အနေအထားကို ရောက်လာပါပီ။ အထောက်အပံ့တော့ လိုပါလိမ့်မယ်။ တအားကြီးတော့ အထင်မသေးကြပါနဲ့။ အာဆီယံနိုင်ငံအတော်များများဟာ မြန်မာလုပ်သားတွေရဲ့ အားနဲ့ လည်ပတ်နေတာပါ။

အဲဒီလိုပဲ ဓာတ်ခွဲစစ်ဆေးခြင်းတွေကိုလဲ မကြာခင် မန္တလေးမှာပါ ပြုလုပ်မှာဖြစ်ပီး စောင့်ကြည့်လူနာတွေ ထားဖို့လဲ ဟိုတယ်တခုကို ပြင်ဆင်နေပါတယ်။ ဒါကြောင့် တအားမစိုးရိမ်ကြပဲ ညွှန်ကြားချက်တွေကို လိုက်နာပီး စည်းကမ်းတကျ နေကြခြင်းဖြင့် ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ကြမှာပါ။ အစိုးရနဲ့ ၀န်ကြီးဌာနကလဲ အစွမ်းကုန် လုပ်ဆောင်နေပါတယ်။ ကာကွယ်ရေး၊ ကုသရေးနဲ့ ပြည်သူကို အသိပညာပေးခြင်းကိုပါ လုပ်ဆောင်နေပါတယ်။ တယောက်အားဖြင့် ယူသော်မရ။ စုပေါင်းအားဖြင့် ယူသော်ရ၏ ဆိုသလို အချင်းချင်း ကူညီပီး ရှေ့ဆက်လှမ်းကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

Nay Thway