သင်္ကြန်မဏ္ဍ ပ်၊ ရုပ်ရှင်ရုံ၊ လူစုလူဝေး အခမ်းအနားတွေကို ဧပြီလကုန်အထိ မကျင်းပဖို့ အစိုးရ အဖွဲ့က စည်းဝေးဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။

COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ အရေးပေါ်အစည်းအဝေးတစ်ခုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မတ်လ ၁၂ရက်နေ့ကကျင်းပခဲ့တာပါ။ အဲဒီ့အစည်းအဝေးကနေ မတ်လ ၁၃ရက်ကစလို့ ဧပြီလကုန်အထိ သင်္ကြန်မဏ္ဍပ်ကြီးတွေနဲ့ ရုပ်ရှင်ရုံတွေအပါအဝင် လူစည်ကားတဲ့ ပွဲလမ်းသဘင်၊ လူစုလူဝေး၊ အခမ်းအနား၊ အစည်းအဝေးတွေကို မကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဆိုပါတယ်။

နောက်ဆက်တွဲ ဆက်စပ်ဖြစ်ပေါ်လာမယ့် စီးပွားရေး လူမှုရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက “(မြန်မာနိုင်ငံမှာ) အခုအချိန်ထိ ဗိုင်းရပ်ကူးစက်ခံရတဲ့လူနာမတွေရသေးပါ။ တွေလို့ရှိရင်လည်း ချက်ချင်း အသိပေးထုတ်ပြန်သွားမှာပါ”လို့ ဆိုထားပါတယ်။

COVID-19 နဲ့ပတ်သက်လို့ သတင်းအတုတွေ၊ သတင်းမှားတွေ၊ ကောလာဟလတွေ ကိုမယုံကြည်ကြဖို့၊ ” ကောလာဟလသတင်းမှားများ ဖြန့်ဖြူးနေသူများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ရှာဖွေဖော်ထုတ်၍ တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်”လို့လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ဒီနေ့ည ထုတ်ပြန်ကြေညာထားပါတယ်။

ဒီဗွီဘီ