အာ ဆင်နယ် ဘောလုံးအသင်းရဲ့ မန်နေဂျာ မစ်ကယ် အာတီတာမှာ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားကြောင်း အတည်ပြု စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းက သူတို့ရဲ့ စပိန်သား မန်နေဂျာမှာ ဆေးစစ်မှုရလဒ် Positive ဖြစ်နေကြောင်း တရားဝင် သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အခုအချိန်မှာ အာတီတာဟာ အစိုးရက ညွှန်ကြားထားတဲ့အတိုင်း သီးသန့်ခွဲခြား နေထိုင်ပြီး ကုသမှု ခံယူနေတယ်လို့ အာဆင်နယ်က ကြေညာပါတယ်။

အသက် ၃၇ နှစ်အရွယ် အာတီတာမှာ ဗိုင်းရပ်စ် ကူးစက်ထားကြောင်း တွေ့ရှိပြီးတဲ့နောက် အာဆင်နယ်နဲ့ ဘရိုက်တန်တို့ ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။ အာဆင်နယ် အသင်းဟာ လေ့ကျင့်ရေးကွင်းကို ပိတ်ထားလိုက်သလို မကြာသေးခင် အတောအတွင်းက အာတီတာနဲ့ အနီးကပ် ထိတွေ့မှု ရှိခဲ့တဲ့ နည်းပြအဖွဲ့ဝင်တွေကိုလည်း သီးသန့်ခွဲခြား စောင့်ကြည့်နေရပါတယ်။

လက်ရှိအခြေအနေတွေကြောင့် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကလည်း အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ပြုလုပ်ပြီး ပြိုင်ပွဲရဲ့ အနာဂတ် အလားအလာနဲ့ ပတ်သက်လို့ ညှိနှိုင်း ဆွေးနွေးသွားမှာပါ။ အာတီတာက ကူးစက်ခံရတာအတွက် စိတ်ပျက်မိကြောင်း၊ သူ့အနေနဲ့ အမြန်ဆုံး သက်သာပျောက်ကင်းပြီး အလုပ်ပြန်လုပ်နိုင်ဖို့ မျှော်လင့်မိကြောင်း ပြောကြားသွားပါတယ်။

အာဆင်နယ် အသင်းဟာ လွန်ခဲ့တဲ့ ၂ ပတ်က ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင် ကစားပြီးတဲ့နောက် အိုလံပီယာကော့စ် အသင်းပိုင်ရှင် အီဗန်ဂျလော့စ်ဆီကတဆင့် ဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိလာနိုင်တဲ့အတွက် သီးသန့်ခွဲခြား စောင့်ကြည့်မှု အစီအစဉ်တွေ ပြုလုပ်ထားခဲ့ရပြီးသား ဖြစ်ပါတယ်။ အသက် ၅၂ နှစ်အရွယ် အီဗန်ဂျလော့စ်ဟာ တုပ်ကွေး လက္ခဏာတွေ ပြသလာတဲ့နောက် ဆေးစစ်မှု ခံယူရာမှာ ဗိုင်းရပ်စ် ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ သူဟာ ပွဲစဉ်အပြီးမှာ အာဆင်နယ် နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေနဲ့ အနီးကပ် ထိတွေ့ နှုတ်ဆက်တာမျိုးတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

Credit-ဆဲဗင်းဒေး