မြန် မာနိုင်ငံမှ (၆) ဦး ပါဝင်တက်ရောက်ခဲ့သော တက်ပ်လိုက် ဘာသာရေးအဖွဲ့ တွေ့ဆုံပွဲ မှပြန်လာသော ဘရူနိုင်းနိုင်ငံသားတွေထဲမှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၆)ဦးတွေ့ရှိ…

၂၀၂၀ မတ်လ ၉ ရက်နေ့က ဘရူနိုင်းနိုင်ငံရဲ့ ပထမဆုံး COVID-19 လူနာတွေ့ရှိကြောင်းကြေငြာခဲ့ပါတယ်။ သူ့ရဲ့ ခရီးသွားသမိုင်းနဲ့ အနီးကပ်ထိတွေ့သူများကိုပြန် စုံစမ်းစစ်ဆေးရာမှ သူ့မိသားစုဝင် (၃)ယောက်မှာ ပါကူးစက်ခံရကြောင်းတွေ့ရှိခဲ့ပါတယ်၊။

သူက ဖေဖေါ်ဝါရီ ၂၈ မှ မတ်လ ၁ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Sri Petaling ဗလီတွင် ပြုလုပ်သော ရှေးရိုးစွဲ ဘာသာရေးအဖွဲ့ တက်ပ်လိုက် ရဲ့ တွေ့ဆုံ ဆုတောင်းပွဲကို တက်ရောက်ခဲ့ပြီး မတ်လ (၃)ရက်တွင် ဘရူနိုင်းကို မလေးရှားနိုင်ငံအရှေ့ပိုင်း ဆာရာဝက်ပြည်နယ်မီရီမြို့မှ တဆင့်ပြန်လာခဲ့တာပါ။

အဲဒီ ဘာသာရေး တွေ့ဆုံ ဆုတောင်းပွဲ ကိုတက်ရောက်ခဲ့တယ်ဆိုတဲ့ ဘရူနိုင်းနိုင်ငံသားတွေ ကိုစိစစ်ပြီး စစ်ဆေးရာမှာ နောက်ထပ်လူနာ (၅) ယောက်ပေါ်ထွက်လာပါတယ်။ အဲဒီထဲက ၂ ယောက်ကနေ သူတို့ ဇနီးတွေကိုထပ်ကူးပါတယ်။ ဘရူနိုင်းမှာ မတ်လ ၁၁ ရက်ထိ ကိုဗစ်ပိုးတွေ့သူ (၁၁) ယောက်ရှိသွားပါပြီ။

မြန်မာပြည်အတွက် ဇာတ်လမ်းက အဲဒီမှာပါလာပါပြီ။ အဲဒီ ဘာသာရေး တွေ့ဆုံပွဲ ကို ကမ္ဘာအရပ်ရပ်က တက်ပ်လိုက် အဖွဲ့ဝင် ၁၅၀၀ အပါအဝင် လူပေါင်းတသောင်းလောက်အထိ တက်ရောက်တယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံက လာသူ ၆ ယောက်လို့စာရင်းထဲမှာတွေ့ရပါတယ်။ သူတို့က ဘယ်သူတွေ၊ ဘယ်မှာနေတယ် ဘယ်နေ့က မြန်မာပြည်ကိုပြန်တယ်။ မြန်မာပြည်ရောက်ပြီး ဘယ်သူတွေနဲ့ တွေ့တယ်။ ဘယ်တွေသွားလို့ ဘယ်ဗလီတက်တယ် ဆိုတာတွေကိုတော့ ကျန်းမာရေးဌာန စစ်ဆေးရပါတော့မယ်။

မလေးရှား ကျန်းမာရေးဌာနကနေ မြန်မာကျန်းမာရေးဌာနကို ဆက်သွယ်ပြီးလောက်ပြီလို့မျှော်လင့်ပါတယ်။ တွေ့ဆုံပွဲက မတ်လ ၁ ရက်နေ့ကပြီးသွားတာပါ။ အဲဒီ (၆) ယောက်မြန်မာပြည်ပြန်ရောက်တာ တပတ်လောက်ရှိပါပြီ။ သူတို့တတွေထဲက တယောက်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးပါလာပြီး မြန်မာပြည်မှာ ပျံ့နေနိုင်ပြီလား…

လူးစုလူဝေးတွေရှောင်ကြပါ။ ဘာသာရေးပွဲ, လူမှုရေးပွဲ, နိုင်ငံရေးပွဲ ဘာပွဲကမဆို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးနိုင်ပါတယ်။

ဖိုးသုည