ဗစ် တိုရီးယားလေးရဲ့ နာမည်နဲ့ မိသားစု ကိုယ်ရေးအချက်အလက်များ ဖွင့်ချမိတဲ့ အပေါ် ပန်ဆယ်လို ပြောပါပြီ

တ ကယ့်ကို နာကျည်းဝမ်းနည်းရတဲ့ နေ့ပါပဲ။

တရား မျှတမှုဆိုတဲ့ စကားလုံးကို ပြောချင်စိတ်၊ ရေးချင်စိတ် မရှိတော့အောင် ခံစားရတယ်။

Victoria လို့ နာမ် စားသုံးတာဟာ နစ်နာသူလေးရဲ့ နာမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကို မသိစေသင့်လို့ Ethically အရ တစ်ပြည်လုံးက သုံးနှုန်းကြတာပါ။ (ဒီကိစ္စ စရေးကတည်းက နစ်နာသူလို့ မသုံးစွဲခဲ့ပါဘူး။ အခုတော့ တကယ်နစ်နာခဲ့ရပြီလို့ ခံစားရတဲ့အတွက် နစ်နာသူလို့ သုံးနှုန်းပါပြီ)

တရားဥပဒေ ဖော်ဆောင်ရမယ့် အဖွဲ့အစည်းက အမှုမှန်ကို ဖော်ထုတ်မပေးနိုင်တဲ့အပြင်၊ တရားမျှတမှု တစ်စုံတစ်ရာ မပေးနိုင်တဲ့အပြင် တရားလိုနဲ့ တရားလိုမိသားစုရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖွင့်ချပစ်လိုက်တယ်။ တကယ့်ကို အံ့ဩဆွံ့အရတဲ့ လုပ်ရပ်ပါပဲ။

သတင်းစာရှင်းလင်းပွဲ၊ Live လွှင့်နေတဲ့ ကင်မရာအလုံးပေါင်းများစွာရှေ့မှာ ကိုယ်ရေးအချက်အလက်တွေကို ဖော်ထုတ်တယ်။ ပြည်သူတွေရဲ့ ဝေဖန်သံ၊ တောက်ခေါက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာ နစ်နာသူမိသားစုရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံပါဝင်တဲ့ ပထမသတင်းပေးတိုင်ကြားချက် အပါအဝင် စာရွက်စာတမ်းအားလုံး ရဲဌာနရဲ့ Blue Mark ရ တရားဝင်ပေ့ခ်ျကနေ ထပ်တင်လိုက်တယ်။

ဒါဟာ Victoria အပါအဝင် တစ်နိုင်ငံလုံးရဲ့ တရားမျှတမှုအပေါ် မျှော်လင့်ချက်အားလုံးကို ဒါပဲရမယ်ဆိုပြီး ဖြဲပြလိုက်တာပါပဲ။ အမှုအနေအထားကလည်း သံသယရှိသူကို ပြန်လွှတ်လိုက်ရပြီ။ ပြစ်မှုမကျူးလွန်သူကို မှားယွင်းဖမ်းဆီးထားတာမျိုး ဖြစ်ရင်လည်း သူ့အတွက် နစ်နာလှပါတယ်။ အခုဆိုရင် အမှုက တရားခံမရှိတဲ့အမှု ဖြစ်နေပြီ။ တရားခံကို ဆက်လက်ဖော်ထုတ်ပေးရမယ့် အဖွဲ့အစည်းကလည်း လျို့ဝှက်ပေးထားရမယ့် တရားလိုကိုသာ ဖော်ထုတ်ပြလိုက်ခြင်းအားဖြင့် မျှော်လင့်ချက် မဲ့စေခဲ့ပြီ။

Victoria လေးဟာ လိင်ပိုင်းဆိုင်ရာ အနိုင့်အထက်ပြုကျင့်မှုကို အရွယ်မတိုင်ခင်မှာ ကြုံတွေ့ခဲ့ရတယ်။ တရားမျှတမှုတစ်စုံတစ်ရာကို ရဖို့ မျှော်လင့်တကြီး ကြိုးပန်းခဲ့ကြတယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း ငါ့သားသမီးလေးသာ ဖြစ်ခဲ့ရင်ဆိုတဲ့ နာကျင်စိတ်နဲ့ တရားခံအစစ်ဖော်ထုတ်နိုင်ရေးအတွက် မျှော်လင့်ခဲ့ကြတယ်။

လက်ညှိုးက သုတ်ထွက်တယ်တို့၊ CCTV မှတ်တမ်းကြီး ထူးဆန်းစွာ ပျောက်ဆုံးမှုတို့၊ လူသက်သေက ဖြေချင်မှ ဖြေမှာပေါ့တို့ အစရှိသဖြင့် ဒေးဗစ်ကော့ပါးလ်ဖီးလ်တောင် လက်မှိုင်ချရမယ့် အကွက်ပေါင်းစုံ အမျိုးစုံ၊ ကြိုးခုန်ခဲ့ပြီးနောက် တရားလိုရဲ့ လျှို့ဝှက်ထားရမယ့် ကိုယ်ရေးအချက်အလက်တွေကို ဖော်ထုတ်အရှက်ခွဲပြခံရလိုက်တာ တစ်ခုပဲ ပြန်ရခဲ့တယ်။

ကိုယ်တို့ ဒီစနစ်ဆိုးကြီးကနေ ဘာကို မျှော်လင့်ခွင့် ရှိသေးကြလို့လဲ။ တရားမျှတမှုကို ဥပဒေဘောင်အတွင်းက ရှာဖွေခဲ့တဲ့ Victoriaလေးတို့ မိသားစု ဘယ်လိုရလဒ်မျိုး ရခဲ့လဲ။ မတရားမှုတစ်ခု ဖြစ်လာရင် ကိုယ့်တရားနဲ့ ကိုယ်ဓါးနဲ့ ရှင်းရမယ်ဆိုတဲ့ မင်းမဲ့စရိုက်Mindset တစ်ခုဟာ ပြည်သူတစ်ရပ်လုံး ရင်ထဲထုတ်ချင်းပေါက် စူးဝင်ခဲ့ကြရပြီ။

Victoria လေးဟာ မတရားပြုကျင့်မှု ခံခဲ့ရတယ်။ သူတို့အားကိုးခဲ့တဲ့ တရားစီရင်ရေးဟာ သူတို့ရဲ့ နှလုံးသားတွေကို ထပ်မံသတ်ဖြတ်ခြင်း ခံလိုက်ရပြီ။

တရားဥပဒေမစိုးမိုးခြင်းနဲ့ ခြစားလူ့အဖွဲ့အစည်းကြီးရဲ့ ဓါးချက်ဟာ Victoria မိသားစုအပါအဝင် တရားမျှတမှုကို အမှတ်မရှိ မျှော်လင့်ခဲ့ကြတဲ့ ပြည်သူအားလုံးကို ခုတ်ပိုင်းချပစ်လိုက်ပြီ။

ကိုယ်တို့နိုင်ငံသားတွေမှာ လူ့အခွင့်အရေးမရှိ၊ ကလေးသူငယ် အခွင့်အရေးမရှိ၊ နိုင်ငံသားအခွင့်အရေးမရှိ။ ကိုယ်တို့တွေဟာ လူအဖြစ် စစ်စစ်ကို ရခဲ့ရဲ့လား သံသယ ပွါးမိလာတယ်။

ကြေကွဲဖွယ်ရာ နိုင်ငံကြီးမှာ

မသေရဲသေးသရွေ့ မသေရုံတမယ်

ဆက်ရှင်သန်နေရတော့တယ်။

အိပန်ဆယ်လို