ပန်းေ တာင်းမြို့နယ် ရွှေဘုံသာအုပ်စု ကျောင်းတောင်(တောရ)တွင် အသစ်တည်ဆောက်လျက်ရှိသည့် စေတီအတွင်းထည့်သွင်းခဲ့သည့် ဆရာတော်၏ ခြေချောင်းလေးချောင်းကို မတ်လ ၇ ရက်က ဖယ်ရှား ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု ကျောင်းတောင်သာသနာ့နယ်မြေ ကျောင်းတောင် ကျောင်းတိုက်အတွင်း၌ သက်တော် ၃၉ နှစ် ဝါတော် ၇ ဝါရ ကျောင်းထိုင်ဆရာတော် ဦးဝေပုလ္လက စေတီတည်ရာတွင် ၎င်း၏ ဝဲဘက်ခြေချောင်းလေးချောင်း(ခြေမမပါ)ကို စေတီအောက်ခြေအတွင်း ထည့်သွင်းခဲ့ကြောင်း သတင်းရရှိပြီးနောက်မြို့နယ်သံဃနာယက၊ ရပ်ကျေးသံဃနာယကနှင့် မြို့နယ်သာသနာရေးဌာန တာဝန်ရှိသူများမှ ယင်းသို့ ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဌာပနာတာတော့မဟုတ်ပါဘူး။ အောက်ခြေထဲမှာထည့်တာပါ။ဒီနေ့ပဲ မြို့နယ်သံဃနာယက ရပ်ကျေးသံဃနာယကတွေနဲ့ ထုတ်ပြီးတော့ ရေမျောလိုက်ပါပြီ။ သူ့ကို ၀န်ခံကတိထိုးခိုင်းပြီးမှ ရေမျောဖို့ဆုံးဖြတ်လိုက်တာပါ။

ခြေမ မပါ ခြေချောင်းလေးချောင်းကို သူ့ဟာသူ ပုလင်းထဲမှာ ထည့်ပြီးတော့မှ ဖောင်ဒေးရှင်းလုပ်တာပါ။ ခြေထောက်ကို ဓားနဲ့ခုတ်ဖြတ်တာလားတော့ ကျွန်တော်လည်း သေချာမသိဘူး”ဟု ပန်းတောင်းမြို့နယ် သာသနာရေးမှူးဦးကျော်ဝင်းက ပြောသည်။

“ကျွန်တော့ သဘောထားအမြင်ကတော့ နောက်တစ်ကြိမ်တော့ အဖြစ်မခံဘူး။ ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေတယ်ပေါ့ဗျာ။ တခြားဘာသာတွေက ကြားလို့မှ မကောင်းဘူးပေါ့။နောက်တခါဆိုရင် ကျွန်တော်ကိုယ်တိုင် ရပ်ကျေးသံဃနာယကရှေ့မှာ လူဝတ်လဲပြီးတော့ ဥပဒေကြောင်းအရ ရာဇသတ်ကြီးပုဒ်မ ၂၉၅ အရ အရေးယူ ဆောင်ရွက်မယ်လို့ ပြောထားတယ်။

ခုဟာက သူရဲ့ ဥပဇ္ဈာယ်ဆရာတော်နဲ့ တိုင်းသံဃနာယကဆရာတော်တို့ရဲ့ မေတ္တာရပ်ခံချက်အရ မြို့နယ်သံဃနာယကနဲ့ ရပ်ကျေးသံဃနာယကတို့က ဆုံးဖြတ်ပြီးတော့မှ သူ့ကို ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဆိုပြီး သတိပေးပြီး ဆုံးမလိုက်တဲ့သဘော သြဝါဒပေးလိုက်တဲ့သဘောပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

စေတီတော်အောက်ခြေမှ ပြန်လည်တူးဖော်ယူခဲ့သည့် ခြေချောင်းလေးချောင်းကို မတ်လ ၇ ရက်နေ့က တာဝန်ရှိသူများက ဧရာဝတီမြစ်အတွင်းသို့ ရေမျောဖျောက်ဖျက်ပစ်ခဲ့ကြောင်း သိရသည်။

သတင်းအောင်ကြီး

Tomorrow News Journal