အ လုပ် သွားလုပ်နေသည့် မိခင်ဖြစ်သူပြန်လာစေရန် ပထွေးမှအဓမ္မကျင့်သည်ဟု လိမ်လည်တိုင်တန်း

တာ ချီလိတ်၊ မတ် ၁၀

မယ်ဆိုင်မြို့တွင် အလုပ်သွားရောက်လုပ်ကိုင်နေသည့် မိခင်ဖြစ်သူ နေရပ်တာချီလိတ်သို့ ပြန်လာစေရန်အတွက် အတူနေ ပထွေးဖြစ်သူမှ အဓမ္မပြုကျင့်သည်ဟု ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးက လိမ်လည်တိုင်တန်းခဲ့သည်။တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စုတွင် နေထိုင်သည့် အသက် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ အတူနေ ပထွေးဖြစ်သူမှ အကြိမ်ကြိမ် အဓမ္မပြုကျင့်သည်ဟု ဆိုကာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မိခင်ထံ ဖုန်းဆက်တိုင်းကြားခဲ့သည်။ထိုသို့ တိုင်ကြားသည့်အတွက် မိခင်ဖြစ်သူမှာ တာချီလိတ်မြို့သို့ ပြန်လာပြီး ၎င်း၏ ယောက်ျားကို တာချီလိတ်မြို့မ ရဲစခန်းတွင် မတ်လ ၈ရက် နေ့လည်ပိုင်းက လာရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“အမေလုပ်သူက ကလေး (၃)ယောက်ကို နောက်ယောက်ျားနဲ့ထားပြီး အလုပ်သွားလုပ်နေတာ။ အမှုဖွင့်တော့ ရပ်ကွက်ရုံးမှာ ခေါ်စစ်တော့မှ အဲဒီကလေးက သူ့အမေကို ပြန်လာစေ့ချင်လို့၊ အဲဒီလိုခေါ်မှ ပြန်လာမယ်ဆိုပြီး လိမ်ပြီး ဖုန်းဆက်တယ်ဆိုတာ ပေါ်ပေါက်တယ်” ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။လိမ်လည်တိုင်တန်းကြောင်း ပေါ်ပေါက်သည့်အတွက် အမှုအား ပိတ်သိမ်းလိုက်ပြီး ဖြစ်ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။MK – 001 MeKongNews