အ ရညဝါသီ မိုင်းဖုန်းဆရာတော်ဘုရား တပေါင်းလပြည့်နေ့တွင် (ဆရာတော်၏ အနီးစပ်ဆုံး တပည့်ဖြစ်သူ Maha Wong ထံ ပို့လာသော မေတ္တာစာကို) တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန် -စဝ်ဆုခမ်းမှ မြန်မာပြန်ပေးလိုက်ပါတယ်)သာသနာတော် ၂၅၆၄ တန်ခူးလဆန်း ၁၅ ရက် (ကောဇာ ၁၃၈၁ တပေါင်းလပြည့်) မိုင်းဖုန်းဆရာတော်မှ တပည့်ဒကာ ဒကာမများအားလုံးသို့ မေတ္တာစာရေးသား ပေးပို့အပ်ပါတယ်။ (မြန်မာ နှစ်နှင့် ထိုင်းနှစ် တစ်နှစ်ကွာပါတယ်၊ လလည်းကွာပါတယ်)

ဆရာတော်လည်း ကိုယ်စိတ်နှစ်ပါး ကျမ်းမာချမ်းသာစွာနဲ့ တရားဘာဝနာကို ကောင်းစွာ ပွားများလျက်ပါ။ ကိုယ်စိတ်နှစ်ပါး ပေါ့ပါးပြီး ကာယလဟုတာ စိတ္တလဟုတာများဖြစ်ကာ အားလုံးကို ခွင့်လွှတ်စိတ်နဲ့ အပူအပင်ကင်းမဲ့စွာ အသစ်တဖန် ပြန်မွေးဖွားရသလိုပါပဲ။၎ ပါးသေား သတိပဋ္ဌာန်တရားများကို မပြတ်ရှုပွားများ နေပါတယ်။ အဆုံးမရှိ အနန္တ သတ္တဝါအားလုံး အပေါ် တူညီသော မေတ္တာကို ပို့သလျက်ပါ။

မမြဲခြင်း အနိစ္စတရားများကို ဉာဏ်ဖြင့် ရှုမှတ်ပါတယ်။ လောကကြီးထဲမှာ ဘယ်အရာမှ မတည်မြဲသလို အရာရာတိုင်းဟာ ဒုက္ခတွေ အစိုးမရတဲ့ အနတ္တတွေပါပဲ။ နေရင်းထိုင်ရင်း စားရင်းသောက်ရင်း သေနေ့ကို စောင့်နေရခြင်းပါ။သစ္စာတရားတော်ကို ဉာဏ်သက်ဝင်လာရင် စိတ်ကလည်း ကြည်လင်လန်းဆန်းလာမယ်။ သောကတွေ ကင်းဝေးပါမယ်။ ရုပ်နာမ် သင်္ခါရရဲ့ ဖြစ်ပျက်မှုကို သတိ ထား ဉာဏ်ဖြင့်ရှုမှတ်ပွားများကြပါ။

အကောင်းအဆိုး မှန်သမျှ စိတ်က စဖြစ်ပေါ်ပါတယ်။သန့်ရှင်း အမြင်ရှင်းတာက အသိတရားပေါ် မူတည်တယ်။အသိတရားက သတိနဲ့ ပညာအပေါ်မှ အခြေခံပါတယ်။ပညာရှိ သူတော်ကောင်းတို့ ဒို့တတွေ လူလာဖြစ်ခြင်ုးသာသနာတော်နဲ့ ဆုံတွေ့ရခြင်းဟာ လွန်စွာ ကံထူးကံကောင်းလို့ပါ။ လောကကြီးထဲမှာ ဘုရား တရား သံဃာ မိဘ ဆရာ အနန္တငါးပါးထက် မြတ်သော သာသော အရာ မရှိပါ။ ဒါကြောင့် မိမိရရှိလာတဲ့ တန်ဖိုးရှိလှတဲ့ ဘဝအတွက် ဝမ်းသာကြပါ။

မိကောင်းဖခင် သားသမီးများ ဖြစ်လာကြသလို ဒါန သီလ သမထ ဝိပဿနာ သတိပဋ္ဌာန်တရား ပွားများကာ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကိုလည်း ရယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါကြောင့် အခွင့်ကောင်း အခါကောင်းကို လက်မလွှတ်စေဘဲ မိမိတို့ရဲ့ နှလုံးသားမှာ ဓမ္မစေတီတော်ကို တည်နိုင်ကြပါစေ။ အဲဒီလို လုပ်နိုင်မှ သာသနာတော်နဲ့ တွေ့ရကျိုးနပ်ပါမယ်။ တန်ဘိုးရှိလှတဲ့ ဘဝကို အလဟဿ မဖြစ်ပါစေနဲ့။ဘုရားရှင်ရဲ့ မေတ္တာတော်ဟာ အဆုံးမရှိတဲ့ အနန္တမေတ္တာတော်ပါ။ လူနတ်ဗြဟ္မာသတ္တဝါတွေကို တရားတော်နဲ့ သွန်သင်ဆုံးမကာ ဒုက္ခအပေါင်းမှ လွှတ်မြှောက်စေပါတယ်။ ဘယ်ပုဂ္ဂိုလ်မှ ဘုရားရှင်လောက် ဒို့တတွေကို စစ်မှန်သော မေတ္တာတရား မထားနိုင်ပါဘူး။ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတော်ဟာ မဟာပထဝီမြေကြီးထက် ထုထည်ကြီးမားတယ်။

သမုဒ္ဒရာထက် ကျယ်ပြန့်တယ်၊ မြင့်မိုရ်တောင်ထက် ကြီးမားတယ်။ အတုမရှိပါပဲ။ ဒါကြောင့် ဘုရားရှင်အား အချိန်ပြည့် ကြည်ညိုရပါမယ်။ မကောင်းမှုကို ရှောင်ပြီး ကောင်းမှုကုသိုလ်ကို ဆောင် စိတ်ကို ဖြူစင်အောင်ထားကာ လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိ အဝိဇ္ဇာ တဏှာ တရားများကို ဖယ်ရှားပြီး သန္တိသုခကို ရှာဖွေကြပါကုန်။အချိန်တွေ ကုန်သွားလေလေ သေနေ့နဲ့ နီးလာလေလေပါ။နေ့ရက်တွေ ကုန်သွားတာ အလကား ကုန်သွားခြင်း မဟုတ်ပါ သေမင်းနဲ့ နီးစေခြင်းပါ။စီးနေတဲ့ ရေဟာ မရပ်မနား တသွားထဲသွားနေသလို သေမင်းထံကိုလည်း ဒို့တတွေ တသွားထဲ သွားနေရတယ်။

သေမင်းဟာ မျက်နှာကြီးငယ်ကို မရွေးဘူး။ လူဆိုး လူကောင်း လူဆင်းရဲ လူချမ်းသာ လူပိန် လူဝ လူအ လူလိမ္မာလည်း မရွေးဘူး။ အကုန်လုံး ခေါ်သွားတယ်။ ဒါကြောင့် သတိသံဝေဂ ရှိပြီး ဒါန သီလ ဘာဝနာ သမထ ဝိပဿနာ သတိပဋ္ဌာန် ၄ ပါးတို့ကို ပွားများကာ ရုပ်နာမ် ခန္ဓာ အာယတန ဓါတ် ပဋိစ္စသမုပ္ပါဒ် သစ္စာလေးပါး တရားတို့ကို သိမြင်ဆိုက်ပ္ပွားကာ အသင်္ခတ နိဗ္ဗာန်ကို ရအောင် ကြိုးစားကြပါကုန်။ရုပ်နာမ် သင်္ခါရတရားအားလုံးဟာ မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခ၊ အစိုးမရခြင်း အနှစ်သာရ မရှိခြင်း အနတ္တတွေသာ ဖြစ်ကြကာ ပျက်စီးခြင်းကိုသာ ဦးတည်နေကြတဲ့ သဘောတရားတွေပါတကား။ ဒါကြောင့် အပ္ပမာဒ မမေ့မလျှော့ကြကုန်လင့်။

သာသနာတော် တစ်ဝက်ကျော်လာတဲ့ အချိန်ခါ သမယမှာ လူတွေက သီလခေါင်းပါး မေတ္တာတရား ကင်းမဲ့ ကရုဏာ ပွန်းပဲ့ကြလို့ ဘုရားရှင်ဟောထားတဲ့ ကပ်ကြီးသုံးပါး (ရောဂါန္တရကပ် = ရောဂါထူပြော၍ သေကြေရခြင်း၊ သတ္တန္တရကပ် = လက်နက်ဆန်းကြောင့် ပျက်စီးရခြင်း၊ ဒုဗ္ဘိက္ခန္တရကပ် = အငတ်ဘေးကြောင်း ပျက်စီးရခြင်း) ကို ဒီနှစ်မှာ အကြီးအကျယ် ကြုံတွေ့ကြရကာ လူတွေ များစွာ သေကြေပျက်စီး ကြပါမယ်။ ဗုဒ္ဓဘာသာ မယုံကြည်တဲ့ နိုင်ငံတွေ သိန်းသန်းမက လူတွေ သေကြေပျက်စီးကြပါမယ်။

အားလုံး သတိ ဝီရိယ ရှိဖို့ လိုပါတယ်။ ဒီရောဂါဆိုးဟာ ဒီကမ္ဘာက လူတွေ လုပ်တာချည်း မဟုတ်ပါဘူး။ တခြား ဂြိုဟ်ကမ္ဘာက ဂြိုဟ်သားတွေက လူတွေ သေကြေအောင် လုပ်တာလည်း ရှိတယ်။ ရောဂါဖြစ်ရင် ကုသရ ခက်ခဲပါတယ်။ ရောဂါပျောက်စေတဲ့ ဆေးကောင်းကတော့ သတိတရားပါပဲ။ ဒါကြောင့် သားငါးစားခြင်းကြောင့် ရောဂါကို ပွားများစေပါတယ်။ အခုလည်း ဒီကမ္ဘာအတွင်းမှာ သေကြေတဲ့သူတွေ အများကြီး ရှိနေပါပြီ။ဒါကြောင့် သတိနဲ့နေ သတိနဲ့စား၊ သီလနဲ့နေ တရားနဲ့ အဖေါ်ပြုပါ။ ဘုရားဂုဏ်တော်ကို ပွားများကြပါ၊ ပရိတ်တရား ရွတ်ဖတ်သရဇ္ဈယ်ပါ၊ အနန္တလောက သတ္တဝါ စကြာဝဠာအတွင်းရှိ သတ္တဝါတွေကို မေတ္တာပို့ကြပါ။

ဆရာတော်ဂူအောင်း အဓိဋ္ဌာန်ဝင်စဉ် ဆရာတော်အား ပစ္စည်းလေးပါး ပေးပို့လှူဒါန်းကာ ပါရမီဖြည့်ပေးကြကုန်သော သားတပည့်များ ဒကာ ဒကာမများ ရပ်သူ ရွာသားများအားလုံးကို ဆရာတော်မှ ကျေးဇူးအထူးတင်ရှိပါတယ်။ ပါရမီရှင်များရဲ့ ဂုဏ်ကျေးဇူးကို ဦးထိပ်မှာ အမြဲပန်ဆင်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လိုရာဆန္ဒတွေ တလုံးတဝ ပြည့်ဝကြပါစေ။ နိဗ္ဗာချမ်းသာကို ရနိုင်ကြပါစေ။

သာဓု သာဓု သာဓု

(လာမည့် ဝါဆိုလပြည့်နေ့မှာ အဓိဋ္ဌာန်ဝင်တာ မကြာခင် တစ်နှစ် ပြည့်ပါတော့မယ်။ လာမည့် တန်ခူးလပြည့်နေ့မှာ ဆရာတော်ထံ အစားအစာ သစ်သီးဝလံတွေ လာပို့ပေးကြပါ။ တန်ခူးလပြည့်မှစပြီး ၂ လ တစ်ကြိမ်သာ လာပို့ပေးပါ။ လစဉ်လာပို့ပေးတဲ့ အမှုဆောင်ကို အားနာလှပါတယ်။ယခုအခါုကူးစက်တတ်တဲ့ ရောဂါကို အထူးသတိထားကြပါ။ သက်သတ်လွှတ်ကို စားခြင်းအားဖြင့် ရောဂါနဲစေပါတယ်။ မိုင်းကျက်က ဒကာတွေကို ပြောပေးပါ။ ဆရာတော်ထံ ဆန်စတဲ့ ခြောက်သွေ့တဲ့ အစားအစာလာပို့ပေးစေလိုပါတယ်။ အဆင်ပြေသလို ဆရာတော်က ချက်စားပါမယ်။ ဆရာတော်အတွက် စိတ်မပူကြပါနဲ့။ အဓိကကတော့ ဆရာတော်ရဲ့ မေတ္တာရိပ်ကို ခိုလုံလာကြတဲ့ တိရိစ္ဆာန်တွေကို ကြွေးချင်တယ်။

ဆရာတော်ထံ ငှက်တွေ ကျီးတွေ အများကြီး လာကြတယ်။ ကြွက်ကြီးတွေ၊ ရှဥ့်ကလေးတွေ၊ ဥဒေါင်းငှက်တွေ ဂူအနားမှာ လာအိပ်ကြတယ်။ မျောက်တွေလည်း လာကြသလို ကျားပေါက်လည်း ရောက်လာတယ်။ ကျားသစ်လည်း ဂူဝမှာ လာအိပ်စောင့်တာ တွေ့ရတယ်။ ဒါကြောင့် ဘုန်းဘုန်းရဲ့ မေတ္တာအောက်ကို လာရောက်ခိုလုံကြတဲ့ သတ္တဝါလေးတွေအတွက် အစားအစာ လာပို့ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။)

တန့်ယန်းဆရာတော် Sao Su Kham