ကျနော့်အ သိရဲ့ ဝူဟန်အတွေ့အကြုံကိုပြောပြပါမယ်။ ဒီအကြောင်းက အသေးစိတ်မသိရသေးတော့ ရေးရမှာ စိတ်မပါဘူး။ ဒါပေမယ့် အချိန်မှီ အားလုံး knowledge ရအောင် သိရသလောက်ပြန်ပြောပြတာပါ။

သူတို့ က စင်ကာပူနိုင်ငံသားတွေ။ သူ့ယောက္ခမကြီးက တရုတ်ပြည်က ဒါပေမယ့် စင်ကာပူမှာနေတာကြာပြီ။ လူကြီးဆိုတော့ အားတဲ့အချိန် community ပွဲကိစ္စလေးတွေမှာ ဝင်ပါချင်တယ်။ သူသူကိုယ်ကိုယ် တနေ့တနေ့ အိမ်မှာနေရတာပျင်းတာကိုး။

ဖြစ်ချင်တော့ ဘယ်ပွဲကမှန်းမသိလိုက်ပဲ ဝူဟန်ဧည့်သည်က အိမ်ကို မဖိတ်ခေါ်ပဲ အလည်လိုက်လာတယ်။ ပထမ ချောင်းလေးတဟွတ်ဟွတ်ဆိုးတယ်။ နောက်တော့ ဗိုက်ပါနာတယ်။ အဲ့ဒီတော့ ဆေးခန်းသွားပြတယ်။ ​Polyclinic ကို ၂ ခါ ၃ ခါသွားပြတယ်။ ဆရာဝန်ကဘယ်လောက်အထိ စစ်ဆေးလည်း မသိရဘူး။

ချောင်းဆိုးကမပျောက်တော့ အိမ်ကလူတွေက ဝူဟန်လားသံသယရှိလာပြီ။ သို့သော် ဆရာဝန်ရဲ့စစ်ဆေးချက်က ပိုးမတွေ့ဘူးဆိုတော့ ဝူဟန်မဟုတ်ဘူးထင်ပြန်ရော။ တတိယတခါစစ်အပြီးမှာတော့ ဆရာဝန်ကပြန်ခေါ်ပြီး COVID-19 positive ဆိုပြီးဆေးရုံတင်တယ်။

အဲ့ဒီတော့အိမ်ကလူတွေ အိမ်အပြင်မထွက်ရပဲ ခြေချုပ်မိန့်မိရော။ ကလေးတွေကိုဆေးရုံခေါ်စစ်ပေးပေမယ့် လူကြီးတွေကိုတော့မစစ်ဘူး။ ထင်တာပြောရရင် လူကြီးတွေမှာ 14 ရက်အတွင်းမတွေ့ရင် ပြီးပြီ။

ရောဂါလက္ခဏာမပြရင် အစိုးရကမစစ်ဘူး။ ကလေးတွေကိုတော့ စိုးရိမ်ပြီးဆေးစစ်ပေးပုံရတယ်။ စိုးရိမ်စရာမရှိပေမယ့် အိမ်ထဲကအိမ်ပြင်မထွက်ရတော့ တခုခုလိုရင် ပို့ပေးမယ့်လူလိုပါတယ်။

ကဲ…… အဲ့ဒီတော့ ကျနော်တို့ ဘာတွေ knowledge ရသလဲ⁉️

(၁) ဖြစ်ရင်အရမ်းကြီးအခြေအနေဆိုးတာမဟုတ်တော့ သာမန်ချောင်းဆိုးတယ်လို့ထင်ရတတ်တယ်။

(၂) ချောင်းဆိုးဗိုက်အောင့်လို့ Polyclinic သွားပြလည်း ချက်ချင်းမပေါ်နိုင်ပြန်ဘူး။

(၃) COVID-19 လို့သေချာတာနဲ့ အိမ်ကရှိသမျှလူတွေ home quarantine အိမ်ခြေချုပ်မိမယ်။

(၄) ပြီးတော့ HDB က မတော်တဆ တိုက်ကြည့်လို့ တိုးတိုးတိတ်တိတ်အိမ်ဌားထားရင်၊

(၅) တရားဝင်ဌားထားလည်း သူတို့ တရားဝင်စာရင်းထက် လူပိုနေရင်၊ မြန်မာအိမ်တွေမှာက တခန်း ၄ ယောက်အထိနေကြတာရှိဖူးတယ်။ အမေချိုတို့ခေတ်ကဆို တအိမ် ၂၃ ယောက်နေကြတာတဲ့။

(၆) ပွဲမသွားလည်း အိမ်မှာနေတဲ့တယောက်ရဲ့ အလုပ်မှာ တယောက်ယောက် COVID-19 တွေ့ရင် သူကနေတဆင့် ကိုယ့်အိမ်ကလူကို လိုက်ခဲ့သော်…..တနွယ်ငင်တစင်ပါတွေဖြစ်ကုန်မယ်။

(၇) တရားမဝင်အလုပ်တွေလည်း ကိုယ့်အလုပ်သမားရဲ့ အိမ်မှာ COVID-19 တွေ့ရင် ကိုယ့်အလုပ်ကို ရောက်လာမှာ။

(၈) သူ့ဟာသူလူမသိသူမသိ အဆင်ပြေနေတဲ့ကိစ္စတွေ လူသိသွားနိုင်တယ်။

(၉) စင်ကာပူမှာ တိုးတိုးတိတ်တိတ် ချစ်နေကြိုက်နေကြတဲ့ဇာတ်လမ်းတွေမှာ မတော်တဆ တယောက်ယောက်ရဲ့ အိမ်မှာတွေ့ရင် #ညောင်မြစ်တူးပုတ်သင်ဥပေါ် တွေဖြစ်ကုန်မယ်။ ယုန်ထောင်ကြောင်မိ တသီကြီးမိကြမယ့်ကိစ္စတွေ အများကြီးဖြစ်လာနိုင်လို့ သတိထားကြပါ။

(၁၀) မတော်တဆ တယောက်ယောက်အိမ်မှာ တွေ့ရကနေ ဘုန်းကြီးကျောင်းအထိ လိုက်လာမယ်။ အဲ့ဒီကနေ အများကြီးဆက်လိုက်နိုင်တယ်။

(၁၁) အကယ်၍ မြန်မာအိမ်တအိမ်အိမ်မှာဖြစ်ရင် သူတို့အကုန်အိမ်ကနေထွက်လို့မရမှာမို့….. ကျန်မြန်မာတွေက ဝိုင်းပြီး အိမ်ရှေ့စားစရာ ကုန်ခြောက်ပို့ပေးနိုင်ဖို့ ပြင်ဆင်ထားကြဖို့ လိုပါတယ်။

တတ်နိုင်ရင် ကိုယ့်အကြောင်းကိုယ်သိပြီး အခုတလော activity လေးတွေလျော့ကြ။ အိမ်မှာလူလျော့သင့်တန် လျော့ကြ။ ပြင်ဆင်ကြပါ။ အလုပ်တွေမှာလည်း အခြေအနေကြည့်ကြ။ ကြာကြာဝါးမယ့်သွားတွေလည်း အရိုးကြည့်ရှောင်ကြပေတော့။

တနင်္ဂနွေနေ့ ချိန်းတွေ့တဲ့သူတွေ “အဟွတ်အဟွတ်” နဲ့ တယောက်ကလုပ်မိတာနဲ့ ထပြေးကြမယ့်ကိန်းမြင်နေတယ်။ ဒီဝူဟန်ဟာတော်တော်မွှေတဲ့အကောင်ပါပဲ။ တချိန်တုံးက ညောင်ဦးကမ်းပါးပြိုတာ စမ္ပန်နဂိုက နွားမပေါင်ကျိုးတယ်တို့၊ butterfly effect တို့ဆိုတာ…. တကယ်ကို ယုံနေရပြီ။

ဝူဟန်က တရုတ်ကြီးချောင်းဆိုးတာ စင်ကာပူမှာ မြန်မာတွေ ပျာယာခတ်သွားနိုင်တယ်နော်။အားလုံးအဆင်ပြေစွာနဲ့ TogetherOne အဖြစ်ဒီ ဝူဟန်ကပ်ကို ကျော်ဖြတ်နိုင်ကြပါစေ။

Richard Myo Thant (10-Mar-2020)