မြန်မာ သက္ကရာဇ် ၁၃၈၁ အတွက် နောက်ဆုံးလပြည့်ဖြစ်တဲ့ တပေါင်းလပြည့်ဟာ ၂၀၂၀ ခုနှစ် မတ်လ (၁၀) ရက်နေ့မှာ (အမှန်တကယ်) ကျရောက်မှာ ဖြစ်ပါတယ်။ လဟာ ကမ္ဘာကို ၂၇ ရက်လျှင် တစ်ပတ် ပတ်ပြီး လပြည့်အမှတ် တစ်ခုကနေ နောက်ထပ် လပြည့်အမှတ်တစ်ခုကို ရောက်ရန်ကတော့.. ၂၉.၅ ရက် ကြာမြင့်ပါတယ်။

တစ်လကို ရက် (၃၀) နဲ့ တွက်ချက်ရတဲ့ လပြက္ခဒိန်မှာ အဲ့ဒီလို ရက်ကွာဟမှုလေးတွေ ရှိတတ်ပါတယ်။ အဲ့ဒီ့အတွက်ကြောင့် ၄ နှစ်တစ်ကြိမ်ခန့် ဝါထပ်ပေးရပါတယ်။ လာမယ့် ၁၃၈၂ ခုနှစ်ဟာ ဝါထပ်မယ့် နှစ်ဖြစ်ပါတယ်။

တပေါင်းလရဲ့ ပထမ လဝက်ဟာ ဆောင်းရာသီအတွင်း ကျရောက်ပါတယ်။ နေဟာ မတ်လ (၂၀) ရက်နေ့မှာ ရာသီကူးပြောင်းတော့မှာဖြစ်လို့.. မတ်လ အစောပိုင်းမှာ ပြည့်သွားတဲ့ တပေါင်းလပြည့်ဟာ ဆောင်းရာသီမှာ ပြည့်တဲ့ တတိယမြောက် လပြည့် ဖြစ်ပါတယ်

အဲ့ဒီ့တတိယမြောက်လပြည့်ကို လမင်းအိမ် (Lenten Moon) လို့ ခေါ်ဆိုကြပါတယ်။ တပေါင်းလရဲ့ ဒုတိယလဝက်ကတော့.. နွေးဦးရာသီကို ကျရောက်တဲ့အတွက် တပေါင်းဟာ ဆောင်းနှင့် နွေကူးသောကာလ..(တနည်း) ရာသီဥတု ကူးပြောင်းသောလ လို့ မှတ်သားရပါတယ်။

တပေါင်းလပြည့်နေ့ရဲ့ စန်းယှဉ်နက္ခတ်ကတော့.. ဥတ္တရ ဘရဂုဏီ နက္ခတ်ဖြစ်ပါတယ်။ သိဟ်ရာသီ (Leo) ကြယ်တာရာအတွင်းမှာ တည်ရှိပါတယ်။ (ပုံ) မတ်လ (၁၀) ရက်နေ့ညမှာ လမင်းဟာ အဲ့ဒီ့ တာရာအနီးကနေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

လပြည့်ချိန်မှာ လမင်းဟာ ကမ္ဘာနဲ့ နီးကပ်တဲ့ ပတ်လမ်းကြောင်းမှာ ရောက်ရှိနေမှာဖြစ်လို့ လပြည့်လမင်းကို သာမန်ထက် အရွယ်အစားကြီးမားပြီး “စူပါမွန်း” အဖြစ် မြင်တွေ့ရပါမယ်။ တပေါင်းလရဲ့ ရာသီပန်းကတော့.. သရဖီပန်း (C a l o p h y l l u m a m n e n u m) ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်များကတော့.. တပေါင်းလပြည့်ကို “ပြည်တော်ဝင်နေ့” လို့ သတ်မှတ်ထားကြပါတယ်။ ရာဇဂြိုဟ်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားအား ကပ္ပိလဝတ် နေပြည်တော်သို့ လာရောက်ပါရန် ဖွားဖက်တော်ဖြစ်သူ ကာဠုဒါယီ အမတ်ကြီးမှ တပေါင်းလ၏ ရာသီဖွဲ့များဖြင့် လျှောက်ထား တောင်းပန်သောကြောင့် ဗုဒ္ဓဘုရားရှင်ဟာ တပေါင်းလပြည့်နေ့မှာ မွေးရပ်မြေဖြစ်တဲ့ ကပ္ပိလဝတ်သို့ ပြည်တော်ပြန်ဝင်ခဲ့တဲ့ အထိန်းအမှတ်နေ့ ဖြစ်ပါတယ်။

ထို့အပြင် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့် (ဗုဒ္ဓဟူးနေ့) မှာ ဥက္ကလာပ မင်းကြီးနှင့် တပုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့ ကြီးမှူးပြီး ရွှေတိဂုံစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့တယ် လို့လည်း သမိုင်းစာပေများမှာ လေ့လာရပါတယ်။

၂၀၂၀ ခုနှစ် မတ်လ (၁၀) ရက်နေ့ညမှာ လမင်းရောက်ရှိနေမယ့် အကွာအဝေးကတော့.. ကမ္ဘာမှ မိုင်ပေါင်း ၂၂၁၂၀၀ မိုင် ဖြစ်ပါတော့တယ်..။

အနာဂတ်ပညာရေးအတွက်

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)