လူေ တြ ပြင်ဆင်သင့်နေပါပြီ ။

အနယ်နယ် အရပ်ရပ်က ဘုရားပွဲတွေ…

ရန်ကုန် မြို့ထဲကမြို့နယ်တွေရော …ဆင်ခြေဖုံးဘက်မှာပါလုပ်နေတဲ့ တရားပွဲတွေ ..

အခြား လူစုလူဝေးတွေအားလုံး ရှိုးပွဲဘာပွဲညာပွဲတွေ….ရပ်သင့်နေပါပြီ ။

ကျန်းမာရေး ဝန်ကြီးဌာနက ဘယ်လိုပဲစာတွေထုတ်ထုတ်ကျန်တဲ့ဝန်ကြီးဌာနတွေက ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင် … ပြဿနာဖြစ်မှ ဟိုဟိုဒီဒီလက်ညိုးထိုးလို့ သေသွားတဲ့ အသက်တွေ ပြန်မရှင်ပါဘူး ။

ချမ်းသာ ပိုက်ဆံရှိတဲ့ ဒိတ်ဒိတ်ကြဲနိုင်ငံတွေတောင်လူရာဂဏန်းလောက် ပြုံပြီးဆေးရုံရောက်လာကြတယ်…ဆေးရုံမှာ စောင့်ရှောက်မှုပေးရတယ် …ICU မှာ နေရမယ့်လူတွေ အများကြီး ပေါ်လာမယ်..အသက်ရှုစက်တွေ ..အောက်စီဂျင်တွေ အရင်ကထက် အဆပေါင်းများစွာ ပိုလိုလာမယ် ။ဆိုပါစို့ အရင်က ဆယ်လုံးနဲ့ရရင် အခုအလုံး 60 လောက်လိုလာမယ် ။

အဲဒါတင်မပြီးဘဲအဲဒီလူနာတွေရဲ့ ဆင့်ပွားထိတွေ့မိသူ contacts သောင်းဂဏန်းကို quarantine လိုက်လုပ်ရမယ်။အဲဒီသောင်းဂဏန်းကို နေရာအသစ်မှာ ခွဲပြီးထားရမယ် ။ ခွဲပြီးထားစရာနေရာမရှိလို့ အိမ်မှာပဲ နေခိုင်းရင်လည်း တကယ်အိမ်မှာနေရဲ့လားဆိုပြီး စစ်ဆေးနေတဲ့သူတွေရှိရမယ် …အဲဒီလို burden ကို မနိုင်ကြပါဘူး ။

လူတွေသတိရှိသင့် ဆင်ခြင်သင့်နေပါပြီ။

ဒီကြားထဲမှာ လူနာတွေဆီက ကူးသွားလို့ အလုပ်မလုပ်နိုင်တော့တဲ့ ခွင့်ယူလိုက်ရတဲ့ တိမ်းပါးသွားတဲ့ ဆရာဝန်တွေ သူနာပြုတွေအများကြီး ပေါ်လာနိုင်ပါသေးတယ် ။ 😭

အဲဒီလို ပေါ်လာပြီ ဆိုရင်လည်း ကူးစက်ခံရသူ ဆရာဝန်သူနာပြု တစ်ယောက် နှစ်ယောက်တင်မကဘဲ သူအလုပ်လုပ်နေတဲ့နေရာက ဆရာဝန်တွေ အပါအ၀င် ကျန်းမာရေးဝန်ထမ်းတွေ တစ်ပြုံကြီး အလုပ်မဆင်းရတော့ဘဲ Quarantine ထပ်ထိပါဦးမယ် ။

အင်အားအပြည့်နဲ့ ဇယ်ဆက်သလို အလုပ်လုပ်ရင်တောင် မနိုင်တဲ့အချိန်မှာ လူအင်အားထပ်‌လျော့သွားရင် စဉ်းသာစဉ်းစား ကြည့်ကြပါတော့ ။

ဘယ်လောက်ချမ်းသာတဲ့ တိုင်းပြည်ဖြစ်ဖြစ်ဆေးရုံတစ်ရုံရဲ့ ward တွေICU beds တွေဆိုတာသူ့နဂိုရှိရင်းစွဲ လူနာထုကြီးနဲ့ကို ပြည့်‌နှင့်နေပြီးသားပါ..။

ဒီ ရောဂါအသစ်သောင်းကျန်းနေလို့ နှလုံးရောဂါရှိနေတဲ့သူတွေက ရောဂါမဖောက်ဘဲ ခဏစောင့်ပေးမနေနိုင်ပါဘူး ။ အူအတက်ပေါက်မယ့်သူကလည်း ပေါက်နေဦးမှာပါ ။ ကင်ဆာလူနာတွေလည်း ကုတင်ပေါ်က ဆင်းမပေးနိုင်သလို ကလေးမွေးမယ့် ကိုယ်ဝန်ဆောင်တွေလည်း အောင့်မထားနိုင်ပါဘူး။ ဆိုလိုတာက နဂိုရှိပြီးသား လူနာတွေကလည်း စောင့်ရှောက်မှု အရင်လိုပဲ လိုအပ်နေကြတာပါ။ နဂိုရှိပြီးသား burden ကြီးက ပျောက်မသွားပါဘူး ။

အဲဒီလို ရှိရင်းစွဲ လူနာထုကြီးအပြင် ဒီရောဂါအသစ်ကြောင့် ဆေးရုံပေါ် ဝုန်းခနဲ ရောက်လာတဲ့ ရာဂဏန်းလားထောင်ဂဏန်းလား မသိတဲ့ လူအုပ်ကြီး လုံလောက်ဖို့ဆိုတာ သိပ်ကိုကြီးတဲ့ burden ပါ။ ချမ်းသာ တဲ့နိုင်ငံတွေတောင် သွက်သွက်ခါနေတာပါ။

တောင်ကိုရီးယားလို အာရှမှာနံပါတ်လေး စီးပွားရေးအင်အားရှိတဲ့နိုင်ငံတောင် ဆေးရုံတင်ဖို့ ကုတင်တွေမရှိလို့ လူနာတွေကိုသူတို့အိမ်မှာ စောင့်ခိုင်းရင်းနဲ့ အိမ်မှာတင် found dead သေသွားတာမျိုးတွေ သတင်းထဲမှာတွေ့တာကို 4 ယောက်လောက်ရှိပါပြီ ။

UK မှာ Corona ဟာ containment ဆိုတဲ့အဆင့်ကို ကျော်သွားပြီး delayed ဖြစ်အောင် ကြိုးစားနေရတဲ့ phase ဝင်ပြီလို့ ဝန်ခံနေပါပြီ ။

(containment အဆင့်ဆိုတာ ရောဂါကူးစက်ခံရတဲ့သူ အရေအတွက် သိပ်ကို နည်း‌သေးတဲ့အတွက် ထိုသူများနှင့် ဆက်စပ်လူများကိုပါ သီးခြားခွဲထားပြီး လူထုထဲမှာ ပျံ့နှံ့မှုမရှိသေးတဲ့ အဆင့်ကို ပြောတာပါ )

(Delayed phase ဆိုတာ လူထုထဲမှာ လုံးဝမပြန့်အောင်…လုံးဝမရှိအောင်.. ထိန်းချုပ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် တစ်ထစ်လျှော့လိုက်ပြီး medical services ကို ဝိုင်း access လုပ်ကြမယ့် consumer အရေအတွက်ကို၊ လွယ်လွယ်ပြောရရင် ဆေးရုံ ဆေးခန်းတွေကို ပြုံပြီး ရောက်လာမယ့် လူနာအရေအတွက်ကို တတ်နိုင်သလောက် နည်းအောင် နှေးအောင် လုပ်တဲ့အဆင့်ပါ)

အယောက် 200 လောက် တစ်ရက်တည်း တစ်ပြိုင်တည်း ရောက်လာတာနဲ့စာရင် နှစ်ဒါဇင်လောက်စီခွဲပြီး နှစ်ပတ်လောက်အတွင်းမှာမျှပြီး ဖြည်းဖြည်းရောက်လာတာက ပိုပြီး အသေအပြောက်နည်းနိုင်ပါတယ်)

မြန်မာနိုင်ငံလို နိုင်ငံမျိုးအတွက် ဒီလို burden ဟာ ဘာနဲ့တူလဲဆိုရင် တစ်လကို ဆယ်သိန်းလောက် ဝင်ငွေရှိတဲ့ အဖေကို Lamborghini တို့ Porsche တို့လို ပြိုင်ကားတွေ ဝယ်ပေးဖို့ အတင်းပူဆာ နေသလိုပါပဲ ။

မရှိရှိတဲ့ ပိုက်ဆံနဲ့ အတင်းအဆင်ပြေအောင် ကျားကန်နေရတဲ့ ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို အခြေအနေတွေဆိုးလာမှ လက်ညှိုးထိုးဖို့ချည်း စဉ်းစားမနေဘဲ
ကိုယ်တတ်နိုင်သလောက်ကိုယ့်တစ်ယောက်အတွက်ကိုယ်မိသားစုတစ်ခုအတွက် မလုပ်သင့်တဲ့ဟာတွေကို မလုပ်ဘဲ ဆင်ဆင်ခြင်ခြင်ရှိသင့်ပါပြီ။

ကိုယ်ကိုယ်တိုင်ကငယ်ရွယ်တယ် ကျန်းမာရေးကောင်းတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယူဆနေတယ် …ကိုယ်ခံအားစနစ်ကောင်းလို့ ခံနိုင်လိမ့်မယ်လို့အတင်းကာရော ယုံကြည်နေတယ် ဆိုရင်တောင်မှ ….

ကိုယ့်ဆီမှာ ရောဂါလက္ခဏာ မပြတဲ့ပိုးကကိုယ်အိမ်ပြန်သွားတဲ့အခါ အိမ်မှာရှိနေတဲ့ အသက် 70 ကျော် 80 ကျော် အဖေအမေ အဖိုးအဖွားတွေအတွက် အသက်ကို အဆုံးအဖြတ်ပေးမယ့် အကြောင်းအရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်အတွက် မဟုတ်ရင်တောင်မိသားစုအတွက် မလုပ်ရမယ့်ဟာတွေမလုပ်ဖို့ ….လုပ်သင့်တဲ့အရာတွေ လိုက်နာဖို့ အရေးကြီးပါတယ်။

ဒီကူးစက်ရောဂါဟာ နှလုံးရောဂါလို ၊ ကင်ဆာရောဂါလို ကိုယ်တစ်ယောက်တည်း တိမ်းပါးထိခိုက်တာ မဟုတ်ဘဲ အတူနေ ချစ်လှစွာသော မိသားစုရော ၊ ကိုယ်နဲ့အတူ လမ်းပေါ်မှာ သွားလာနေကြတဲ့လူတွေရော ၊ ကိုယ်နဲ့အတူ ကားတစ်စီးတည်း ရထားတစ်စီးတည်း လေယာဉ်တစ်စီးတည်း စီးကြမယ့် မရေမတွက်နိုင်သောသူတွေနဲ့ပါ သက်ဆိုင်ပါတယ် ။

ကိုယ်ဟာ ဒီလိုလူအများကြီးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်တဲ့သူ ဖြစ်နေသလိုပဲ…အဲဒီလူအများကြီးထဲက တစ်ယောက်ဟာလည်း ကိုယ့်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးသွားနိုင်ပါတယ် ။ ပြောချင်တာ တစ်ယောက်တည်းကောင်းနေလို့မရပါဘူး။ အားလုံးတူတူ ကျန်းမာမှ အသိရှိမှ ဖြစ်မှာပါ။

ပြီးတော့ ကျန်းမာရေး sector တစ်ခု အပြင်တရားဥပဒေစိုးမိုးမှု‌ကိုပါ ဘယ်လောက်တောင် ထိခိုက်နိုင်တယ်ဆိုတာ တစ်ခြားနိုင်ငံတွေကို ကြည့်ရင် သိသာပါတယ်။

ဟောင်ကောင်မှာစူပါမားကတ်ကိုဝင်ပြီး mask လုတာတွေ…

ပြင်သစ် Marseille မြို့ကဆေးရုံကနေ mask အခု 2000 အခိုးခံရတာတွေ …

ဂျပန် Kobe redcross ဆေးရုံကနေ surgical mask အခု 6000 လောက် ပျောက်သွားတာတွေ….

အီရန်အကျဉ်းထောင်တွေမှာ ကူးစက်မှုတွေရှိလာလို့ အကျဉ်းသား 54000 လောက် ယာယီ bail နဲ့ လွှတ်လိုက်ရတာတွေ…

အခုကမ္ဘာပေါ်မှာ လက်ရှိဖြစ်နေပါတယ် ။

တခြား သူများနိုင်ငံတွေမှာ ဖြစ်တဲ့ outbreak က မြန်မာနိုင်ငံရဲ့ ဆေးကုသမှုစနစ်ကို ရိုက်ခတ်နိုင်တာ ဥပမာပြောရရင် မြန်မာနိုင်ငံဈေးကွက်မှာ mask တွေ ပြတ်လပ်သွားတာမျိုးပါ ။ လူတွေဝယ်တပ်ကြလို့ ပြတ်တာလည်းပါသလို အဓိက mask တင်ပို့နေတဲ့ တရုတ်တို့ကိုရီးယားတို့ ထိုင်ဝမ်းတို့ဘက်က သူတို့ဟာသူတို့ မလောက်ဖြစ်နေလို့ export တွေကို လျှော့ပစ်လိုက်တာလည်း ပါပါတယ် ။

အခုနောက် ပြဿနာတစ်ခုက ဘာလဲဆိုရင် India ဟာ မြန်မာနိုင်ငံမှာ သုံးနေတဲ့‌ဆေးဝါး အတော်များများကို အဓိက တင်သွင်းသူပါ ။

အခု India မှာ တရုတ်က ကုန်ကြမ်းတွေမဝင်လို့ ဆေးဝါးတွေ ထုတ်လုပ်နိုင်စွမ်း ကျလာပြီဖြစ်တဲ့အတွက် အချို့ဆေးအမယ်တွေကို (တရုတ်ဆီက ကုန်ကြမ်းတွေ ပြန်မဝင်မချင်း) နိုင်ငံခြားကို မပို့ဘဲ သူတို့ပြည်တွင်းအတွက်သာထားဖို့ ပြီးခဲ့တဲ့အင်္ဂါနေ့က ဆုံးဖြတ်လိုက်ပါပြီ။

အဲဒီဆေးအမယ်တွေထဲမှာ ပါရာစီတမောလို အိမ်သုံးဆေး‌တွေ ၊ Erythromycin လို ပိုးသတ်ဆေးတွေ၊ ကိုယ်ဝန်တားဆေး progesterone လိုဆေးအမယ်တွေ စသဖြင့် ပါပါတယ်။

အားလုံးဟာ ပတ်သက်ဆက်နွယ်နေကြတာပါ ။ သူများနိုင်ငံ ဗျာများနေတာဟာ တစ်နည်းတစ်ဖုံ ကိုယ့်ကိုသက်ရောက်မှုရှိပါတယ် ။ တရုတ်မြန်မြန် ပြန်မကောင်းရင် ကိုယ့်ခေါင်းကိုက်ရင်တောင် သောက်စရာ ပါရာစီတမောမရှိဘဲ ဖြစ်သွားနိုင်ပါတယ် ။

စီးပွားရေးနဲ့ပတ်သက်ပြီး ရိုက်ခတ်နိုင်တယ့်ဟာတွေကိုတော့ကို Richard Myo Thant ရဲ့ wall တို့ အခြားဆိုင်ရာပိုင်ရာမှာ သွားဖတ်ကြည့်ကြပါ။

ပြာယာခတ်ပြီး ထိုင်မရထမရ ဖြစ်တာမျိုး မလုပ်သင့်ပေမယ့် ဆင်ခြင်သင့်တာ ဆင်ခြင်ရမယ့် အချိန်တော့ ရောက်နေပါပြီ။ ။

ဆိုးဆိုးဝါးဝါးတွေ မမြင်ရဖို့မျှော်လင့်ခြင်းများစွာနဲ့ ….

Credit

စုမြ၀င်း