တ ပ်မတော်နှင့် အေအေတို့ စစ်ရေးတင်းမာမှုများ ဖြစ်ပွား နေသော ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း၌ ဆန်တစ်အိတ်လျှင် ကျပ် ၁၀၀,၀၀၀ (ကျပ်တစ်သိန်း) ဝန်းကျင်အထိဈေးနှုန်းမြင့်တက်နေကာ ဆန်ပြတ်လပ် မှုနှင့်လည်း ကြုံတွေ့နေရကြောင်း ချင်းလူ့အခွင့်​ရေး အဖွဲ့မှ ကိုဆလိုင်းတေးရက ပြောကြားသည်။

ကိုဆလိုင်းတေရက “အဲဒါတောင်မှ တချို့ဆို ဆန်ကိုမရှိတော့တာ ဝယ်ဖို့။ အခုဆို ဆန်ပြတ်နေပြီ။ တချို့ဆို ဝယ်ဖို့က ဆန်မရှိဘူးပြောတယ်” ဟု ဆိုသည်။

ပလက်ဝနှင့်ကျောက်တော်ကြားတွင် တိုက်ပွဲများဖြစ် ပွားနေသောကြောင့် ရိက္ခာသယ်ရေးလမ်းကြောင်းမှာ ပြတ်တောက်နေပြီး၊ မတူပီဘက်မှသယ်ယူရန်ကလည်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကြောင့် ဒေသခံများက သယ်ယူရန် မဝံ့ရဲကြပေ။

“ဖေဖော်ရီလ ၂၉ ရက်မှာပဲ ကားတစ်စီး မီးရှို့ခံရတယ် ဆိုတော့ ဘယ်သူမှ မသွားရဲတော့ဘူး။ ရိက္ခာသယ်ဖို့က သူတို့ မသွားရဲဘူး။ အဲဒိလိုဖြစ်နေတာ” ဟု ကိုဆလိုင်းတေရက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ရီလ ၂၉ရက်နေ့က ကုလားတန် စီမံကိန်းအတွက် မတူပီမြို့မှ ပလက်ဝမြို့သို့ ပေးပို့သည့် စက်သုံးဆီများတင်ဆောင်လာသော ၁၂ ဘီး ကားတစ်စီးမှာ မိုင်တိုင် ၁၁၉ နှင့် ၁၂၀ ကြားတွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ပစ်ခတ်မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ လက်ရှိအချိန်တွင် ပလက်မြို့နယ်တွင် စားသုံကုန်နှင့် လူသုံးကုန်ပစ္စည်းများမှာ ပုံမှန်ဈေးနှုန်းထက် နှစ်ဆ၊ သုံးဆခန့်အထိ မြင့်တက်လျက်ရှိ​​ကြောင်း သိရသည်။

စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့နေရသည့် ပလက်ဝမြို့သို့ ပို့မည့် ဆန်အိတ်များကို လက်နက်ကိုင်အဖွဲ့တစ်ခုက ကြားဖြတ်တိုက်ခိုက်မည်ဟု သတင်းရသည့်အတွက် ဆန်အိတ် ၆၀၀ တင်ဆောင်လာသော ၁၀ ဘီးကား ၂ စီးသည်လည်း ဆမီးမြို့တွင် သောင်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးထက်က မတ်လ ၁ ရက်နေ့က ပြောကြားခဲ့သည်။

အဆိုပါဆန်အိတ်များမှာ ပလက်ဝမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များကို အကူအညီပေးရန် ဒေသခံများ နှင့်ပြည်နယ်အစိုးရမှလှူဒါန်းထားသောငွေများ စုပေါင်းကာ ဝယ်ယူထားခြင်းဖြစ်သည်

Source-Blacker