တာင် ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စနေနေ့ မှာ ၄၄၈ ဦး ထပ်တွေ့ခဲ့တာကြောင့် စုစုပေါင်း ပိုးတွေ့လူနာ ၇၀၄၁ ဦးရှိလာတယ်လို့  သိရပါတယ်။ ထပ်တွေ့ခဲ့တဲ့ လူတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်ဖြစ်တဲ့ လျှို့ဝှက် ခရစ်ယာန်ဘုရားကျောင်းတစ်ခုနဲ့ ဆက်နွယ်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် သေဆုံးသူဦးရေဟာလည်း ၄၄ ဦးကနေ ၄၆ ဦးသို့  တိုးလာကြောင်း ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ် ဟန့်တားရေး စင်တာ KCDC ရဲ့ လက်ထောက်ဒါရိုက်တာ ကွမ်ဂျန်ဝုခ် က စနေနေ့  သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ရောဂါပိုးတွေ့ရှိသူ စုစုပေါင်းရဲ့ ၆၃.၅ ရာခိုင်နှုန်းဟာ နိုင်ငံအရှေ့တောင်ပိုင်း ဒေဂူးမြို့ရှိ ခရစ်ယာန် ဘုရားကျောင်းတက် အသိုင်းအ၀ိုင်းနဲ့ ဆက်နွယ်သူတွေဖြစ်ကာ ဆေးစစ်မှုတွေ ဆက်လုပ်နေဆဲဖြစ်တာကြောင့် ပိုးတွေ့လူနာ တိုးလာနိုင်ကြောင်းလည်း ၄င်းက ပြောဆိုခဲ့ပါတယ်။

ဆက်စပ် သတင်းတစ်ပုဒ်အရ ကိုရိုနာဗိုင်းရပ်စ် တွယ်ကပ်နေတာမျိုးရှိနေပါက ကင်းရှင်းသွားဖို့ အတွက် ငွေစက္ကူတွေကို သီတင်းနှစ်ပတ်ကြာ သီးခြားခွဲထားခဲ့ပြီး ရောဂါကူးစက်မှု ဟန့်တားနိုင်ရေး အလို့ ငှာ ငွေစက္ကူ အချို့ကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း တောင်ကိုရီးယား ဗဟိုဘဏ်က သောကြာနေ့ မှာ ပြောဆိုပါတယ်။

ငွေစက္ကူတွေကို ပုံမှန်လည်ပတ်သုံးစွဲမှုအတွက် ဖြန့်ဝေခြင်းမပြုမီ ပုံမှန်လုပ်နေကြအတိုင်း မြင့်မားတဲ့ အပူချိန်မှာ ဖြတ်သန်းစေကာ ပိုးသန့်စင်မှုလုပ်ငန်းစဉ် လုပ်နေကြောင်းလည်း The Bank of Korea (BOK) က ပြောဆိုပါတယ်။

ပြည်တွင်းဘဏ်တွေကနေ ဗဟိုဘဏ်ကို ၀င်ရောက်လာတဲ့ ငွေစက္ကူအားလုံးကို BOK က နှစ်ပတ်ကြာ လုံခြုံစွာထားမှာဖြစ်ကြောင်းနဲ့ ၉ ရက်အကြာမှာ ဗိုင်းရပ်စ်တွေ ပုံမှန်သေသွားလေ့ရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောဆိုပါတယ်။

Credit-Blacker