လူ တိုင်းကျနော့်ကိုမေးကြတဲ့ကိစ္စပါ။ ကမ္ဘာ့နိုင်ငံ ၁၀၀ လောက်မှာ လူဦးရေ တစ်သိန်းကျော်မှာ တွေ့ပြီး တရုတ်နဲ့ နယ်စပ်အရှည်ကြီး ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ ၁ ယောက်တောင် မတွေ့ဘူးဆိုတော့ မေးစရာပါပဲ⁉️

ကျနော့်အနေနဲ့တော့ အချိန်မရွေး ထတွေ့နိုင်တဲ့အခြေအနေမှာ ရှိလို့ ငါတို့ကံကောင်းတယ်” ဆိုတာထက် “ငါတို့ကံကောင်းဖို့” အစွမ်းကုန် အသင့်ပြင်စေချင်ပါတယ်။

မြန်မာပြည်က လူကြီးမင်းများအနေနဲ့ ကြောင်းကျိုး ဆီလျော်သော စကားကိုသာ လူရှေ့မှာပြောစေချင်ပါတယ်။ ဒါမှ လူကြီးမင်းတို့ရဲ့ လုပ်ဆောင်ချက်အပေါ် ကျနော်တို့အပြည့်အဝ ယုံကြည်ကိုးစားလို့ရမှာပါ။

ဒီရောဂါကြီးဟာ လူကြီးမင်းတို့ပြောခဲ့သလို မိုင် ထောင်ချီဝေးလို့ မြန်မာပြည်မရောက်လာတာ လုံးဝမဟုတ်တာ ကမ္ဘာ့နိုင်ငံ ၁၀၀ လောက်မှာ ဖြစ်နေတာက သက်သေပါ။ ဒီဗိုင်းရပ်စ်ဟာ “မိုင်ထောင်သောင်းဝေးပါစေ…… အချစ်တွေရင်ထဲရှိကြရင်…. နီးနီးလေး” သီချင်းနဲ့ အချိန်မရွေးရောက်လာနိုင်ပါတယ်။

“မြန်မာပြည်ကို COVID-19 လုံးဝ မရှိစေချင်တာသာဖြစ်ပြီး ရှိခဲ့လို့ လွတ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားမှာကို စိုးရိမ်ခြင်းဖြစ်ပါတယ်။” မြန်မာနိုင်ငံထက် အဆပေါင်းများစွာ ကျန်းမာရေးအဆင့်မြင့်တဲ့ နိုင်ငံတွေမှာတောင် ယနေ့အထိ စစ်ကြေငြာ ကာဖျုးထုတ်တိုက်ပွဲဝင်နေတာတောင်မှ မနိုင်မနင်းဖြစ်နေတာ မျက်မြင်မို့…….

ရပါတယ်၊ တို့ကရောဂါ ပြီးပါတယ်နဲ့ အသက်ထွက်ကုန်ကြမှာကို ထောက်ပြနေတာ ဖြစ်ပါတယ်။ “ရပါတယ်” “မလိုပါဘူး” ဆိုတဲ့စကားနဲ့ ကျနော်တို့ဟာ ဗိုလ်ချုပ်အောင်ဆန်းကို ဆုံးရှုံးခဲ့ရသလို….. မြန်မာပြည်ကြီးလည်း မွဲတကာ့ထိပ်ခေါင်ဖြစ်ခဲ့ရတယ်မလား။ ကဲ….. ကိုယ့်အားကိုယ်ကိုးပြီး ဆက်စဉ်းစား ကြရအောင်…..

အခုအခြေအနေက မြန်မာပြည်ထဲမှာရှိနေနိုင်ပြီး တယောက်တွေ့ရာကနေ အစုလိုက်အပြုံလိုက်ထတွေ့မှာကို သတိထားရပါမယ်။ အားလုံးက စိတ်ထဲ တထင့်ထင့်ဖြစ်နေကြတာမို့… ကျနော်တို့ ကြောင်းကျိုးဆက်စပ် စဉ်းစားကြည့်ချင်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောဂါ outbreak ဖြစ်စေတာ ၂ ချက်ရှိပါတယ်။

စဖြစ်တဲ့ ground zero ဝူဟန့်မြို့ကနေ လာတဲ့လူ တယောက်ယောက်က စကူးစက်ပါတယ်။ အခုဆိုရင် အီရန်၊ အီတလီတို့ကနေ တကမ္ဘာလုံး မီးဟုန်းဟုန်းတောက်ကုန်ပါတယ်။ ငါတို့မှာ ရောဂါပြီးတယ် မဖြစ်ဘူးလို့ ပြည်သူလူထုနဲ့ အစိုးရဝန်ထမ်းအချို့က ပေါ့ပေါ့နေမိလို့ ရှိနေတာ တစ်ယောက်စ၊ နှစ်ယောက်စကနေ တွေ့တော့မှ မနိုင်မနင်းဖြစ်ကုန်တဲ့ အီရန်လို၊ ဥရောပနိုင်ငံတချို့လို ဖြစ်ကုန်တာ။

ကျနော့်အနေနဲ့ အချိန်၊ နေရာ၊ အခြေအနေ ဤသုံးရပ်နဲ့ သုံးသပ်လိုပါတယ်။ အချိန်ကာလကို (၃) ပိုင်းပိုင်းပါတယ်။

(၁) တရုတ်မှာစဖြစ်တာကနေ ဝူဟန့်ကို တရုတ်အစိုးရ ပိတ်ချလိုက်တဲ့ January 23 နေ့အထိ၊

(၂) အဲ့ဒီကနေ တလ အကြာ February 24 အထိ နဲ့

(၃)အဲ့ဒီကနေ အခုအချိန် မတ်လ ပထမအပတ်အထိ၊

မြန်မာပြည်ဟာ “ကံကောင်းနေသေးတယ်လို့ ယူဆပါတယ်။” ဆက်ပြီးကံကောင်းအောင်…. ပြည်သူနဲ့အစိုးရက သတိမပြတ်ရှိကြဖို့၊ လူကြီးမင်းတို့ရဲ့ လုပ်ကိုင်ပုံကို ယုံကြည်ရဖို့နဲ့၊ အရေးကြီးဆုံးက ခရီးသွား လေကြောင်းရော (နယ်စပ်ခိုးဝင်) တွေကိုပါ အသေအချာ စစ်ဆေးဖို့ လိုပါတယ်။

ဘာကြောင့် မြန်မာပြည် ကံကောင်းနေသေးတာလဲ⁉️

(၁) အဲ့ဒီတော့ ဝူဟန့်နဲ့ ဟူဘေးကို တရုတ်အစိုးရကပိတ်မချခင်မှာ January 23 နေ့အထိ……

ဝူဟန့်ကနေ ကမ္ဘာ့နိုင်ငံအသီးသီးကို ခရီးသွားကြလို့ ထိကုန်ပါတယ်။ စင်ကာပူ၊ တောင်ကိုရီးယား၊ နီပေါ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဂျပန်၊ အီရန်၊ ထိုင်း စသည်တို့ရဲ့ ပထမဆုံး လူနာတွေဟာ ဝူဟန့်ကနေ လာတဲ့ တရုတ်နိုင်ငံသား (သို့) ကိုယ့်နိုင်ငံသားပါ။

အပေါ်က တရုတ်ပြည်ထဲ ဝူဟန့်မှာ လူတွေထိန်းမနိုင်အောင် မပြန့်ခင်အထိ ၁ လ လောက်ကြာပြီး ဘယ်သူမှ မသိဖြစ်ခဲ့တာ သတိပြုပါ။ စင်ကာပူနဲ့ ကျန်နိုင်ငံတွေမှာ စောစီးစွာသိတာက သတင်းကို လူတွေသိနေတာရယ်၊ စမ်းသပ်စစ်ဆေးမှု အသေအချာလုပ်နိုင်တာရယ်ကြောင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အဲ့ဒီ့ January 23 အထိ တရုတ်တိုးရစ် ဘယ်လောက်လာခဲ့ပြီး ဘယ်တွေသွားခဲ့သလဲ သိချင်ပါတယ် ခင်ဗျား။ေ သချာချပြနိုင်ရင် ကျနော်တို့ စိတ်သက်သာရာရပါမယ်။

ဟူဘေးမှာ မြန်မာ ၂ ယောက်အကျဉ်းကျရာက ကူးစက်တယ်ဆိုကတည်းက ဝူဟန့်နဲ့ မြန်မာအကြားမှာ ကူးလူးသွားလာမှုမရှိတာ မဖြစ်နိုင်ပါ။ မြန်မာတွေ ဝူဟန့်အထိ ခြေဆန့်နိုင်ရင်… ဝူဟန့်က တရုတ်က မြန်မာပြည်ကိုဘယ်နည်းနဲ့ဝင်ဝင် မရောက်စရာ မရှိပါ။

အဲ့ဒီမှာ အစိုးရက ကယ်ခဲ့တဲ့ကျောင်းသားတွေက quarantine သေချာလုပ်ပြီး မကူးစက်ခဲ့ပါ။ သူတို့မှာလည်းမဖြစ်ခဲ့တာ ကံကောင်းပါတယ်။ အကယ်လို့ အဲ့ဒီအချိန်အတွင်း မြန်မာပြည်မှာ ကူးစက်ခဲ့ရင်လည်း အခုအချိန်မှာ လူမသိသူမသိနဲ့ ၉၇ ပါးအမည်နဲ့ သေသော်လည်းကောင်း၊ ပြန်ပျောက်သွားပြီသော် လည်းကောင်း ဖြစ်နိုင်ပါတယ်။

သေနှုန်းကလည်း 2 – 3 % မို့ လူ ၁၀၀ ဖြစ်ခဲ့တောင် ၂ ယောက်လောက် သေခဲ့ရင် ကျနော်တို့ မသိနိုင်ပါ။ လူ ၁၀၀၀ အလွန်ဆုံးဖြစ်ခဲ့ရင်တောင်မှ မြန်မာပြည်အနှံ့ လူ ၂၀ သေရင် ဘာရောဂါမှန်း သိလိုက်မှာ မဟုတ်ပါ။ ကျန်ာတို့စိုးရိမ်တာက ပြန်ပျောက်သူကနေ ဆင့်ပွား လက်ကျန် အခုထိ တယောက်စ နှစ်ယောက်စ ကျန်နေမှာကို စိုးရိမ်တာပါ။

(၂) January 24 ကနေ February 24 အထိ၊

ဒီကာလမှာလည်း မြန်မာပြည်က ကံကောင်းခဲ့ပါတယ်။ စင်ကာပူနဲ့ အာရှနိုင်ငံအချို့မှာ စဖြစ်ပြီး စင်ကာပူမှာ peak period အရေးအကြီးဆုံးအချိန်ဖြစ်ပါတယ်။

တရုတ်မှာလည်း အရေးအကြီးဆုံး အချိန်ဖြစ်ခဲ့ပါတယ်။ တရုတ်လေယာဉ်ကို ပြန်လွှတ်ခဲ့တာ မှန်ကန်သောဆုံးဖြတ်ချက်မို့ ချီးကျုးပါတယ်။

ဝူဟန့်ကို ပိတ်မချခင်လေးမှာ ဝူဟန့်က လူ ၃ သိန်းလောက်က ရရာ လေယာဉ်၊ ရထား၊ ကားတို့နဲ့ ထွက်ပြေးကြလို့ လူတွေဒေါသထွက်ခဲ့ကြပါတယ်။ အဲ့ဒီ့အပြင် လူ ၅ သန်းလောက်ကလည်း ထွက်ခွာပြီးဖြစ်ခဲ့ပါတယ်။

လေကြောင်းမှတ်တမ်းအရ…. ထိုင်း သူ့ဝဏ္ဏဘူမိကို 11558 ယောက်၊ ထိုင်း ဒွန်မောင်းကို 9000, ထိုင်း ဖူးခက်ကို 6116, စင်ကာပူကို 10680, ဂျပန် နရီတာကို 9080, တောင်ကိုရီးယားကို 6430, ဂ်ပန် ကန်ဆိုင်းကို 6272, မလေးရှားကို 6048 ယောက် အသွားတွေ့ပါတယ်။

မြန်မာပြည်ရန်ကုန်ကို ဝူဟန့်လို ခရီးသွားဆုံမှတ်မြို့ကြီးက တိုက်ရိုက်လေကြောင်းမရှိတာ မြန်မာပြည်ကံကောင်းပါတယ်။

ရန်ကုန်ကို ဝူဟန်က တိုက်ရိုက်လေကြောင်းမရှိပေမယ့် မန္တလေးကိုရှိတယ်လို့ တွေ့ရပါတယ်။ ဝူဟန့်ကနေ တိုက်ရိုက်လေကြောင်းမရှိပေမယ့် ကွမ်ကျိုးလို မြို့မျိုးကနေ ဝင်လာမှာစိုးရိမ်ရပါတယ်။

ဝူဟန့်ပိတ်စဉ်မှာ ပေကျင်း၊ နန်းယန်၊ ကွမ်ကျိုး၊ ချုံကင်း၊ အန်းဝေး၊ ရှင်ကျန်း၊ အန်းရှီး စတဲ့ မြို့တွေကို ထွက်ပြေးသွာတာကို Baidu ကနေ ခြေရာခံမိခဲ့ပါတယ်။ ဝူဟန့်က တိုက်ရိုက်လေကြောင်းကြောင့် ကူးစက်စရာရှိတဲ့ အချိန်အပိုင်းအခြားက ပြီးခဲ့ပါပြီ။

ကူးခဲ့တာ အနည်းငယ်ရှိနိုင်ပြီး၊ ကူးခဲ့သူတွေက ကျန်းမာ/သေဆုံးကာ သူကနေ ဆင့်ပွားကျန်နေမှာ စိုးရပါတယ်။ အဲ့ဒီကာလကို သေသေချာချာလိုက်နိုင်မှ သိမှာဖြစ်ပြီး မဟုတ်ရင် လူမသိသူမသိနဲ့ ကွင်းဆက်ပျောက်နေမှာဖြစ်ပါတယ်။

ဒီမှာတွေးမိတာ ဝူဟန့်ကနေ နိုင်ငံအသီးသီးရောက်လာသူတွေထဲက အနည်းငယ်ပဲ ရောဂါပါလာပြီး….ဒီကာလ အလယ်လောက်မှာ local ပြည်တွင်းအတွင်း ဆင့်ပွားကူးစက်မှုက အများဆုံးဖြစ်သွားပါတယ်။ စင်ကာပူကိုပဲ ကြည့်ပါ။

ရောဂါက public နေရာတွေကနေ ကူးစက်မှု အလွန့်အလွန်နည်းပြီး close contact အနီးကပ်ထိတွေ့ ဆက်ဆံမိတာက အဓိကတွေ့ရပါတယ်။ စင်ကာပူနဲ့ ကိုရီးယားမှာ ဘာသာရေးဘုရားကျောင်းတွေကနေ အကြီးအကျယ်ကူးစက်မှု ဖြစ်စေခဲ့ပါတယ်။

ကျနော်တို့ဆီမှာလည်း အဲ့ဒီကာလအတွင်း လူ ၁၀၀၀ လောက်ဖြစ်မှ ၂၀ လောက်သေမှာမို့ ကျနော်တို့ သိဖို့ခက်မယ်။ အကယ်၍ လူရာဂဏန်းပဲဖြစ်ခဲ့လို့ close contact က မိသားစုဝင်တွေထဲပဲ အဓိကဖြစ်ခဲ့ရင် ကူးစက်မှုလျော့ပါမယ်။

အဲ့ဒါကို ထပ်လျော့ကျစေတာက ပိုပူတဲ့ 30 degree C ကျော်တဲ့ အပူချိန်က ပိုးကို ပြင်ပမှာ အသက်ရှည်ချိန် သိသာစွာ သူများနိုင်ငံထက်လျော့ကျစေခဲ့တယ်လို့ ယူဆပါတယ်။

အဲ့ဒီကာလကနေ ဖြစ်ခဲ့ရင်လည်း အခုအချိန်မှာပြန်ကောင်းလောက်ပြီမို့ ကျနော်တို့ အကြီးအကျယ်မထိသေးတာဟာ ကံကောင်းနေသေးတယ်လို့ ယူဆရပါတယ်။ သို့သော် သူတို့ကနေ ဆင့်ပွားပြီး ကျန်နေနိုင်သေးတာက အမှန်ပါပဲ။

ဒါကို စင်ကာပူဝန်ကြီးကလည်း စင်ကာပူဟာ မတွေ့သလောက်ဘဝကနေ ဝုန်းကနဲ အများကြီး ထတွေ့တာ အချိန်မရွေး ဖြစ်နိုင်ပါတယ်တဲ့။ မနေ့က ၁၃ ယောက်ထတွေ့တယ်မလား။ ကျနော်တို့ဆီမှာလည်း လူမသိသူမသိ ကျန်နေတဲ့ သူကနေ ထပြီး အများကြီးတွေ့မှာ…….

သို့မဟုတ် “ကျနော်တို့ (သို့) ကျနော်တို့ရဲ့ ကလေးငယ်တွေ၊ လူကြီးမိဘတွေကို မတော်တဆ မိုးမပြို ပြိုပြီး လာထိမှာကို” စိုးရိမ်တာတော့ အမှန်ပါပဲ ခင်ဗျား။

(၃) February 24 ကနေ အခုအထိ၊

ဒီကာလဟာ ပိုလို့အရေးကြီးလာပါပြီ။ တရုတ်ကနေ အဝင်အပြင် ကျန်နိုင်ငံအသီးသီးက အဝင်ကို ဂရုစိုက်ရပါပြီ။ လေဆိပ်မှာ ဖောင်လေးတစ်စောင်ဖြည့်တာထက်ပိုပြီး ဘယ်လိုတားဆီးနိုင်မလဲ ဝိုင်းစဉ်းစားရပါမယ်။

ဖြစ်နေတဲ့နိုင်ငံတွေက တိုးအဝင်ကို ပိတ်ရင်လည်းထိခိုက်သလို တခုခုဖြစ်ခဲ့ရင်လည်း ထိခိုက်မှာမို့ လွန်စွာ သတိထားရပါမယ်။

အရင်ကာလက ပြည်တွင်းမှာ လူမသိသူမသိဖြစ်ပြီး ပျောက်ကင်းသူဆီက ကျန်နေနိုင်တဲ့ ချိန်ကိုက်ဗုံးတွေကိုလည်း စိုးရိမ်ရပါသေးတယ်။ ကျနော်အချိန်ကာလ (၃) ပိုင်းနဲ့ တင်ပြဆွေးနွေးခဲ့ပါတယ်။ ထပ်ပြောပါမယ်….

ယခုအချိန်ဟာ “အရေးအကြီးဆုံး အချိန်” ဖြစ်ပါတယ်။ နေရာတိုင်းလိုလိုမှာ မီးတောက်လောင်နေချိန်မို့….မြန်မာပြည်ကို ဝူဟန်ဘာကြောင့်မရောက်လာသလဲ အကြောင်းပြနေဖို့ထက်…

“လူကြီးမင်းတို့၊ ကျနော်တို့ကိုယ်တိုင်နဲ့ နုနယ်ပြီး ဘာမှမသိရှာတဲ့ကလေးတွေ လူကြားထဲက ဘယ်သူမှန်းမသိသူဆီက ကူးစက်ခဲ့မှာကို အစိုးရိမ်ဆုံးပါခင်ဗျား”

အသေးစိတ်ဆွေးနွေးစရာတွေရှိနေပေမယ့် အချိန်မရလို့ ဤမှာ ရပ်ခွင့်ပြုပါခင်ဗျား။

လေးစားစွာဖြင့် Credit-
Richard Myo Thant (7-Mar-2020)