ကို ရိုနာဗိုင်းရပ်စ်.. ဒီမနက် အိပ်ရာထတော့ ထုံးစံအတိုင်း ကိုရိုနာဗိုင်းရပ် သတင်းတွေ ကြည့်တယ်။

တရုတ်ပြည် – တရုတ်ပြည်ကတော့ ဖြစ်ပွားမှုနှုံးလဲ ငြိမ်လာပြီ .. ဒီနေ့ပိုးအသစ်လူနာ ၉၉ ဦးပဲ တွေ့တော့တယ်။ ဖြစ်ပွားသူစုစုပေါင်း ၇၂.၅% ရဲ့ outcome မှာ ၆၈.၇% က ပြန်ကောင်းသွားပြီ … ၃.၈% ကတော့ သေဆုံးသွားတယ်။ ကျန်တဲ့ ၂၇.၅% ရဲ့ အဖြေကိုတော့ တဖြည်းဖြည်းစောင့်ကြည့်ရမှာပဲ။ တရုတ်ပြည်ရဲ့ Trend အရ လူတစ်ယောက် recovery/ death ဖြစ်ဖို့ ကို ၂၄ရက်ကနေ ၂၈ ရက် အချိန်ယူတယ်ဆိုတာ မြင်ရတယ်။ ဒီတော့ တရုတ်ပြည်မှာ လက်ရှိ ရောဂါပိုးတွေ့လူနာ ၂ သောင်းကျော်လက်ကျန် ကနေ လုံးဝနီးပါး ငြိမ်သွားဖို့က နောက်ထပ် တစ်လလောက်တော့ အချိန်ယူမယ်မှန်းတယ်။

ကိုးရီးယား – အိုးပါး အပုဂျီးနဲ့အာဂျီးမားတို့ပြည်မှာတော့ ဒီနေ့အထိ လူနာက ၆၇၆၇ သေတာက ၄၄ (အပူးတွေ အတော်များတယ် ချဲထိုးမှ ထင်ရဲ့) … recovered က ၁၀၈.

အီရန် – အီရန်ကတော့ ၄၇၄၇ မှာ ၁၂၄ သေပြီး ၉၁၃ recovery ရတယ်လို့ဆိုတယ်။ (တရုတ်ပြည်မှာက လူတစ်ယောက် recover ရဖို့၃ပတ် ကနေ လေးပတ်လောက် ကြာနေလေတော့..သူတို့ရဲ့ recovery figure ကိုနဲနဲ သံသယ ဖြစ်မိတယ်) Fully recovered မဟုတ်ပဲ convalescent stage မှာ carrier တွေ အနေနဲ့ဖြန့်နိုင်မှာလား ပူမိတယ်။

အီတလီ – အီတလီမှာက ဖြစ်တာက ၄၆၃၆.. သေတာက ၁၉၇.. ပြန်ကောင်းသွားတာ ၅၂၃ ယောက်။

အမေရိက – အန်ကယ်ဆမ် တို့ဆီမှာက … ၃၂၁ ယောက်မှာ ၁၄ ယောက်သေတယ် ၉ ယောက် ပြန်ကောင်းတယ်။

အင်္ဂလန် – ဘင်သံတွေ နဲ့အင်္ဂလန်မှာက ၁၆၄…ဥရောပ တခွင်ကို ကူးစက်ပြန့်ပွားနှုံး ပိုမြန်နေတာကို သတိထားမိတယ်။

ပြင်သစ် ဆွစ်ဇာလန် စပိန်… အကုန် ရာဂဏန်းအထက် ဖြစ်နေပြီ။

ကဲ အခုမှ လိုရင်းစမယ်… မနေ့ကတော့ ဘူတန်မှာတစ်ယောက်တွေ့တယ်။ ဘယ်သူလဲ ဆိုတော့ အန်ကယ်ဆမ်တို့တိုင်းပြည်က ကြွမြန်းလာတဲ့သူ…

ဒီတော့ ရောဂါ သယ်လာသူကို တရုတ်ပြည်ကပဲဖြစ်ရမယ်လို့ မှန်းလို့မရဘူး။ ဘယ်ဒေသက မဆို သယ်လာနိုင်တယ် ဆိုတာကို ပြောချင်တာ။ အခုက Discrimination and racism တွေ သိပ်များလွန်းလို့…

နောက်တချက်ကတော့… local spread နိုင်ငံတွင်းပျံ့နှံ့မှု က ပိုကြောက်ဖို့ကောင်းတယ်.. သေသေချာချာ ထိန်းဖို့လိုတယ်ဆိုတာ ဥရောပ ဒေတာတွေနဲ့ ကိုးရီးယား အခြေအနေကို ကြည့်ရင်သိသာတယ်။

မျက်ကန်းတစ္ဆေ မကြောက်ပဲ သင်္ကြန်ရေအေးနဲ့ ပက်ဖြန်းချင်တာ တရားရေအေး အမြိုက်ကျွေးပြီး ရိပ်သာဝင်ချင်တာ။ ရွှေစက်တော်ပွဲက စလို့တောင်ပြုန်းပွဲနဲ့.. ပျော်ကြပါအေ… ပျော်ကြပါ… နောက်တော့မှ အဘားအဘား နဲ့ကျန်းမာရေး ဝန်ကြီးဌာနက အသုံးမကျဘူး ဆိုပြီး မျက်ကလဲ ဆန်ပြာ မအော်ကြပါနဲ့.. ကိုယ်လုပ်တာ ကိုယ်ပြန်ရိတ်သိမ်းရမှာပဲ…

Dr Yin Nwe