ရှ မ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ကနေ လားရှိုးမြို့ကိုလာတဲ့ ခရီးသည်တင်ယာဉ်ပေါ်က လူနာတစ်ယောက်ဟာ အသက်ရှုကြပ်ပြီး လားရှိုးဆေးရုံမှာသေဆုံးသွားတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိကို ဒီနေ့ မတ်(၆)ရက်မှာ တို့ဖတ်ယူပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းကို ပို့ဆောင်ထားပါတယ်။

အဲဒီလူ နာဟာ လက်တလောအခြေအနေအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူဟု ယူဆလို့မရပဲ နာတာရှည် တီဘီရောဂါရှိတာနဲ့ အဆုပ်ရောင်နေသလို ခရီးပမ်းတာကြောင့် အသက်ရှုကြပ်တဲ့ဝေဒနာခံစားရပြီး သေဆုံးသွားတာဖြစ်တယ် လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

သူဟာ တရုတ်မှာ အလုပ်လုပ်နေတဲ့အချိန် ပြီးခဲ့တဲ့(၄)ရက်လောက်က ချောင်းဆိုးနေတာကြောင့် တရုတ်ကအပြင်ဆေးခန်းကို သွားပြခဲ့ပြီး နေမကောင်းလို့ ပြန်လာသူဖြစ်တယ်လို့ သိရပါတယ်။

“အခုဖြစ်နေတဲ့ ရောဂေါကြောင့်သေဆုံးတာ မဟုတ်ပါဘူး။ သူက အရက်သောက်ပြီး နှလုံးကလည်း ရောင်နေတယ်။ ကျောက်ကပ်ကလည်း မကောင်းဘူး။ ဆီးချိုကလည်းရှိလို့ အသက်ရှုကြပ်ပြီး သေတယ်လို့ပဲ သုံးသပ် ထားပါတယ်။” လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မောင်ညွှန့်က ပြောပါတယ်။

သေဆုံးသူကို သမားတော်တွေ၊ ရောဂါဗေဒဆရာဝန်တွေ၊ မှုခင်းဆရာဝန်တွေ၊ ဓာတ်မှန်ဆရာဝန်တွေနဲ့ စစ်ဆေးခဲ့သလို သေဆုံးသူဟာ စစ်တွေမြို့ကဖြစ်တာကြောင့် မိသားစုဝင်နဲ့ဆက်သွယ်ပြောဆိုခဲ့တာမှာလည်း လွန်ခဲ့တဲ့ (၄)လောက်ကစပြီး ဆီးချိုရောဂါရှိတာ၊ ချောင်းဆိုးတာတွေရှိနေတာ၊ အရက်သောက်တဲ့ အကျင့်ရှိတဲ့အကြောင်း သိခဲ့ရတယ်လို့ သူကပြောပါတယ်။

“လူထုတွေစိတ်ကျေနပ်အောင်တော့ လုပ်ထုံး၊ လုပ်နည်းအရ နာခေါင်း၊ အာခေါင်တို့ဖတ်ယူပြီး အမျိုးသား ဓာတ်ခွဲခန်းကို ပို့ပါတယ်။ (၂)ရက်လောက်နေရင် အဖြေသိရမှာပါ။” လို့ ဒေါက်တာတင်မောင်ညွန့်က ပြောပါတယ်။

သေဆုံးသူဟာ မတ်(၅)ရက်၊ ည(၈)နာရီခွဲက မူဆယ်ကနေ ခရီးသည်တင်ယာဉ်နဲ့ လားရှိုးမြို့ရှောင်တိုးဂိတ် မရောက်ခင်မှာပဲ အသက်ရှုကြပ်တာကြောင့် ပေးသောလက်စေတနာရှင်သွေးနဲ့ လူမှုကူညီရေးအသင်းယာဉ်နဲ့ လားရှိုးဆေးရုံကိုပို့ဆောင်ပြီး နာရီပိုင်းအကြာမှာ သေဆုံးသွားတာဖြစ်ပါတယ်

Credit-WhiteSone