ကို ရိုနာဗိုင်းရပ်စ်ဖြစ်နေသည့် နိုင်ငံများမှပြန်လာသူများ သတင်းမပို့လျှင် ထောင် (၆) လချမည်

သတင်းပို့ဖြစ်အောင် ပို့ပေးကြပါ

ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကူးစက်ပျံ့နှံ့နေသည့် နိုင်ငံများမှ ပြန်လာသည့်သူများကို သံသယရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ အကြောင်းကြားရန်နှင့် ပျက်ကွက်ပါက အရေးယူခံရနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒု ညွှန်မှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်မှာ တရုတ်နိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ ကူးစက်ဖြစ်ပွားနေသည့်အတွက် နိုင်ငံခြားမှ ပြန်လာသူများအားလုံး ရောဂါဖြစ်နေသည်ဟု မဆိုနိုင်သော်လည်း၊ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူများ၊ ဖြစ်ပွားသည့် နိုင်ငံများမှ ပြန်လာသူများကို အသွားအလာ တားမြစ် ပိတ်ပင်သော ကန့်သတ်ချက်မျိုး ပြုလုပ်နိုင်ရန်အတွက်ဟု ၎င်းက ဆိုပါတယ်။

ဒေါက်တာ ခင်ခင်ကြီးက “လိုက်ပြီး စုံစမ်း ထောက်လှမ်းနေရမယ် မျိုးတော့ မဟုတ်ပါဘူး။ အခုဆို စက်ရုံ အလုပ်ရုံတွေ ရှိ မယ်။ တရုတ်နိုင်ငံသားတွေလည်း ရှိမယ်ပေါ့။ အဲဒီမှာ သံသယလူနာမျိုး ရှိလာရင် မလွတ်သွားအောင်လို့ ရောဂါရှိတဲ့သူကို စောစောစီးစီး ရှာဖွေချင်တဲ့အတွက် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရတာ ဖြစ်ပါတယ်” ဟု ဆိုပါတယ်။

ထိုသို့ နိုင်ငံများမှ ပြန်လာသူများ အနေဖြင့် ဖျားနာခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းများ ဖြစ်ပွားသည်ကို တွေ့ရှိပါက အနီးစပ် ဆုံး ကျန်းမာရေး ဦးစီးဌာနသို့ သတင်းပို့ အကြောင်းကြားရန် သတ်မှတ်လိုက်ကာ၊ ထိုသူများကို နေအိမ်များတွင် သီးသန့်ခွဲ ၍ နေထိုင်စေခြင်း၊ ဆေးရုံများတွင် သီးခြား ခွဲခြား စောင့်ကြည့်ခြင်းများ ပြုလုပ်လာနိုင်ပြီး ယခုလို ပြုလုပ်ခြင်းများကို ဖောက် ဖျက်လျှင် ဥပဒေနှင့် အမိန့်များအရ အရေးယူမှုများပါ ရှိလာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပါတယ်။

ဒေါက်တာ ခင်ခင်ကြီးက “ဘာနဲ့တူလဲဆိုတော့ စဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က ပြန်လာဖို့ခေါ်တဲ့ လေယာဉ်မှူးကြီးနဲ့ ဝန် ထမ်းတွေဆို အိမ်မှာ မိသားစုနဲ့ ခွဲပြီး သီးခြား စောင့်ကြည့်နေထိုင်စေတယ်။ ဒါတောင် လေယာဉ်မှူးကြီးဆို ကျောင်းသား တွေနဲ့ ထိတွေ့ခဲ့တာ မဟုတ်ဘူး” ဟု ဆိုပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၈ ရက်တွင် COVID-19 ရောဂါကို “ကူးစက်မြန်ရောဂါ သို့ မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်သည့် အမိန့်” ထုတ်ပြန်ခဲ့ပြီး ထိုသို့ ထုတ်ပြန်ခြင်းမှာ ရောဂါဖြစ် ပွားသည်ဟု သံသယရှိပါက ကာယကံရှင် ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်များမှ သော်လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းမှ သော်လည်းကောင်း နီးစပ်ရာ ကျန်းမာရေးဌာနထံသို့ မဖြစ်မနေ အသိပေး တိုင်ကြားရန် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒေါက်တာ ခင်ခင်ကြီး က “တောင်ကိုရီးယားနိုင်ငံက ပြန်လာတဲ့ မြန်မာကျောင်းသူ ၁ဝ ဦး ဆိုရင် ဆေးရုံမှာ သီးခြားစောင့် ကြည့် စစ်ဆေးမှု လုပ်နေတယ်။ သူတို့လို အဖြစ်များနေတဲ့ နိုင်ငံက ပြန်လာတဲ့သူတွေဆို သီးသန့်ထားဖို့ လိုတယ်။ ရောဂါ တခုခုဖြစ်ရင် ချက်ချင်း ကုသပေးနိုင်တယ်။ အိမ်မှာနေမယ်ဆို မိသားစုတွေနဲ့ ထိတွေ့နေမယ်။ ဈေး ဝင်/ထွက်ချင်လည်း ထွက်တာမျိုး ဖြစ်လာနိုင်တယ်။ အဲဒီလို ကန့်သတ်ဖို့က ကျမတို့မှာ ဥပဒေ လိုတယ်။ အိမ်မှာ စောင့်ကြည့်နေတယ်ဆိုရင် တောင်မှ ဖောက်ဖျက်မယ်ရင် အမိန့်ရှိတဲ့အတွက် ဥပဒေက အနောက်က ပါလာမယ်။ အရေးယူမှုတွေ ရှိလာမယ်။ ဒါမျိုးပါ” ဟု ပြောဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကိစ္စနှင့် ပတ်သက်ပြီး တားမြစ်ချက်များကို ချိုးဖောက်သူကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ အရ ထောင်ဒဏ် ၆ လ အထိသော်လည်းကောင်း၊ ဒဏ်ငွေ ၁ သောင်းကျပ် အထိသော်လည်းကောင်း၊ ဒဏ် ၂ ရပ်လုံး သော်လည်းကောင်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

ထို့ပြင် မိသားစုဝင်များမှ သတင်းပေးပို့မှု ပျက်ကွက်ခဲ့မည်ဆိုလျှင် ထောင်ဒဏ် ၁ လသော်လည်းကောင်း၊ ဒဏ်ငွေ ၅ ထောင်ကျပ် သော်လည်းကောင်း၊ ဒဏ် ၂ ရပ်စလုံးသော် လည်းကောင်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ထို့ပြင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသည့် ပြည်တွင်း၌ ကူးစက်ပျံ့ပွားနေသည် ဆိုသည့် တရုတ်၊ တောင်ကိုရီးယား၊ အီရန်၊ အီတလီ အစရှိသည့် နိုင်ငံ ၃ဝ မှ ပြန်လာသူများကို အထူး အလေးထား စောင့်ကြည့်နေကြောင်း ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုသည် တကမ္ဘာလုံးတွင် ၉ သောင်းကျော် အထိ ရောက်ရှိလာပြီး ၇၂ နိုင်ငံအထိ ဖြစ်ပွားလျက် ကြောင်း WHO က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံတွင် ပြည်နယ် ၃၄ ခု၌ အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၈ သောင်းကျော် ရှိခဲ့ရာမှ ၃ ထောင်နီးပါး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ပြင်ပတွင် တောင်ကိုရီးယား နိုင်ငံသည် ၄၈ဝဝ ကျော်အထိ အမြင့်ဆုံး ကူးစက်ခံနေရပြီး၂၈ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ ဒုတိယအဆင့်အဖြစ် ဥရောပနိုင်ငံ ဖြစ်သော အီတလီနိုင်ငံသည် ၂ဝဝဝ ကျော်အထိ ကူးစက်ခံ နေရပြီး ၅၂ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အဆိုပါ ဗိုင်းရပ်စ်ကြောင့် မတ်လ ၂၇ ရက်တွင် ကျင်းပမည့် ၇၅ နှစ်မြောက် စိန်ရတု ဖြစ်သည့် တပ်မတော်နေ့ (တော်လှန် ရေးနေ့) ကို ခေတ္တရွှေ့ဆိုင်းထားမည် ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်း ထုတ်ပြန်ခဲ့ သည်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) နှင့် ပတ်သက်ပြီး WHO မှ တစုံတခု ထုတ်ပြန်လာမှသာလျှင် တပ်မတော်နေ့ (တော်လှန်ရေး နေ့) အခမ်းအနားကို ကျင်းပရန် စီမံထားကြောင်း၊ အချိန်ကာလ အားဖြင့် မည်မျှ ကြာမြင့်နိုင်မည်ကိုတော့ မသိရသေး ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်၌ ပါရှိပါတယ်။

Credit-CeleLawka