ရေး သားသူ ဆရာဦးထွန်းခိုင်ဟာ သက်သေခံတင်သွင်းထားတဲ့ CCTV ပါရှိတယ်ဆိုတဲ့ DVR စက်အပါအဝင် ဆက်စပ်ပစ္စည်းတွေကို စစ်ဆေးပေးခဲ့တဲ့ အဖွဲ့ခေါင်းဆောင်ပါ…

ဒီ တရားခွင်က အစ ကတည်းက ဇာတ်ညွှန်းမလှခဲ့။ အရွယ်နဲ့မလိုက်အောင် လိင်အကြမ်းဖက်မှုကျူးလွန်ခံခဲ့ရတဲ့သမီးလေးနဲ့ စိတ်ထိခိုက်ခံစားနေရတဲ့သူ့အဖေက တရားလိုတဲ့။ ဖြစ်နိုင်ချေ အတော်နည်းသော အောင်ကြီးကတရားခံတဲ့။ စစ်ကြဆေးကြ မေးမြန်းကြတာက လေး ငါးလ။

နိုင် ငံတော်ရဲ့ တရားစီရင်ရေးဆိုင်ရာ Resources တွေ နှစ်ဖက်သော သူများ ရှေ့နေများ ၊ သက်သေများ ၊ ဝန်းရံကူညီသူများ အချိန်ကုန် ငွေကုန် လူပင်ပန်းမှုတွေဖြစ်ကြရ။ အောင်ကြီး ကျူးလွန်တာ မဟုတ်ဘူး။ တစ်ရက်လွတ်မယ်ဆိုတာလည်း အများစုက မျှော်လင့်ပြီးသား။ သို့သော် နစ်နာသူနဲ့ မတရားစွပ်စွဲခံရသူတို့က တရားရင်ဆိုင်ကြရ။ တကယ်ကျူးလွန်ခဲ့သူက သာသာယာယာ ဒူးနှံ့ပြီးထိုင်ကြည့်နေလားမသိပါဘူး။

ဒီအမှုမှာ CCTV မှတ်တမ်းများနဲ့ပတ်သက်လို့ စစ်ဆေးကာ ရုံးတော်မှာ ထွက်ဆိုပေးရမဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့ကို ဦးဆောင်ဖို့ဖြစ်လာတော့လည်း ကိုယ့်အလုပ်တွေကို ခဏထားလို့ မိမိတတ်စွမ်းသလောက် စိတ်ရောကိုယ်ပါထည့်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ရုံးတော်မှာ သက်သေခံပြီးသည်အထိ မိမိတို့အဖွဲ့ နာရီ ၃၀ကျော်ကြာအောင် မရပ်မနား မအိပ်မနေ ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။

တွေ့ရှိချက်များအရ ရုံးတော်ကို ဤပစ္စည်းများသည် အခင်းဖြစ်ပွားစဉ်ကသက်သေခံ ပစ္စည်းများပါလို့ မကြောက်မရွံ့ တင်ခဲ့သူများကိုလည်း များစွာ အံ့အားသင့်မိပါသည်။ တရားဥပဒေ စိုးမိုးရေးကို ပျက်ရယ်ပြုနေတာလား စိန်ခေါ်နေတာလားမသိတော့။ ရုံးတော်မှာတော့ အခုလိုမပြောပဲ ပညာရှင်ရှုဒေါင့်က ပဲတင်ပြခဲ့ပါတယ်။

ရုံးတော်ကို သက်သေခံပစ္စည်းတင်ရာတွင် မရိုးမဖြောင့်သောသဘောဖြင့် လဲလှယ်ခြင်း၊ ပြင်ဆင်ခြင်း၊ထိန်ချန်ခြင်းတို့အတွက် ဘယ်ပုဒ်မနဲ့ အပြစ်ပေးနိုင်သည်ကိုတော့မသိ တစ်ခုခုနဲ့ တော့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်သင့်ပါသည်။

မိမိတို့အဖွဲ့ စစ်ဆေးခဲ့သော သက်သေခံပစ္စည်းများကို CID သို့ အရင်ဆုံးပေးပို့စစ်ဆေးပြီးဖြစ်တယ်လို့သိရပေမဲ့ ဘာ တုန့်ပြန်မှု ဝင်ရောက်ဆောင်ရွက်မှုများမတွေ့ရသည်ကိုလညိး စိတ်ထဲမှာ ဘဝင်မကျ။

မိမိမှ သက်သေခံအပြီး တရားသူကြီးရှေ့မှာ လက်မှတ်ထိုးနေတုန်းမှာပဲ တရားသူကြီးက အောင်ကြီးကို တရားရှင်လွှတ်ပေးလိုက်ပါတယ်။ အောင်ကြီးအတွက် ဝမ်းသာမိပေမဲ့ ရာဇဝတ်မှုဖြစ်လို့ ရဲတပ်ဖွဲက ဆက်လက်ဆောင်ရွက်မပေးရင် သမီးလေး ဗစ်တိုးရီးယားအတွက် တရားမျှတမှုဆိုတာ ဘယ်လိုရနိုင်တော့မှာလဲ?

နောက်ရုံးချိန်းဆို ထပ်စစ်မဲ့သက်သေရယ်၊ DNA စစ်ဖို့ ရုံးတော်ကို လျှောက်ထားခဲ့တာတွေ၊ တရားလိုရှေ့နေအဖွဲ့က နောက်တိုးတရားခံလျှောက်တော့မယ့် အနေအထားမှာ…. တရားခံ အစစ်ဆီသို့ ဒီ မဆီမလျော် တရားခွင်ကနေ ကြိုးစားနေကြတုန်း အောင်ကြီးကိုလွှတ်ပေးပြီး တရားခွင်သိမ်းလိုက်တော့ အားလုံး ပက်လက်လန်ရပြီ။ တရားခံအစစ်ဆီ မလှမ်းနိုင်အောင် တမင်ကြီး ကာလိုက်သလိုမျိုးကြီး။

မဟုတ်မမှန်သက်သေခံပစ္စည်းပါလို့ ရုံးတော်ကို လာတင်သူတွေကို ဘယ်တရားခွင်နဲ့ အရေးယူရမှာပါလိမ့်? ကျွန်တော်တို့အဖွဲ့ ကြိုးစားဆောင်ရွက်တွေ့ရှိမှုကို သဲထဲရေသွန်တော့မဖြစ်ချင်… အမှန်တရားအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်တော့ ဖြစ်ချင်တယ်လေ။

သေနတ်တစ်လက် မြင်းတစ်စီးနဲ့ မိမိရဲ့တရားမျှတမှုကို မိမိဘာသာ ရှာဖွေရတော့မှာလား?

ဘာပဲဖြစ်ဖြစ် အမှန်တရားအတွက် သမီးလေးနဲ့အောင်ကြီးကို အကျိုးဆောင်ခဲ့ကြတဲ့ နှစ်ဖက်ရှေ့နေများ၊ ဝန်းရံစောင့်ကြည့် ကူညီသူများကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ လေးစား ကျေးဇူးတင်မိပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ ဘာလဲ ဘယ်လဲ ဘယ်နေရာမှာနေမှာလဲ ဘာတွေလုပ်ကြမှာလဲ? ဘယ်သူ့ကို ကိုယ်စားပြုမှာလဲ ဘယ်သူ့ကို အလုပ်အကျွေးပြုမှာလဲ … သိချင်မိ…Tun Khine