ကောင်ေ လးတွေ က ကောင်မလေးတွေ ကို နှစ်သက်သဘောကျ လို့ ပိုးပန်းကြတဲ့အခါ ချဉ်းကပ်နည်းမျိုးစုံ၊ အကြံညဏ်ပေါင်း သောင်းခြောက်ထောင် သုံးတတ်ကြပါတယ်။ ကိုယ့်ရဲ့ခံစားချက်ကို ဖော်ပြချင်တဲ့အခါမှာ နည်းလမ်းမျိုးစုံရှိကြပေမယ့် အရင်တည်းကရှိခဲ့တဲ့ သဝဏ်လွှာပါးပြီး စာသားနဲ့ ဖော်ပြတဲ့တစ်ခုကတော့ အကောင်းဆုံးထဲက တစ်ခုလို့ ဆိုရမှာပါ။ အကောင်းဆုံးလို့ ဆိုရအောင်ကောင်းနေတဲ့အချက်တွေက ဘာတွေဖြစ်မလဲဆိုရင်တော့ အခုလိုပဲ တွေ့ရမှာပါ။

လေးနက် တဲ့အနေ အထား

ဒီဘက်ခေတ်ထဲမှာ လွယ်လင့်တကူ ဆက်သွယ်လို့ ရနေတဲ့အနေအထားရှိလို့ စာရိုက်ပြီးဖြစ်ဖြစ် ဖုန်းဆက်ပြီးဖြစ်ဖြစ် ပြောလို့ရပါတယ်။ ဒါပေမယ့် ခံစားရသမျှကို စကားလုံးတွေနဲ့ စာစီ၊ လက်ရေးကသေသပ်နေပြီး လှဖို့ ဂရုစိုက်၊ ကဗျာနု စာနုလေးတွေ ဖန်တီး၊ စာအိတ်လှတာလေးတွေနဲ့ထည့် စတဲ့ အသေးစိတ်ကျကျ လုပ်ဆောင်ချက်တွေနဲ့ သဘောကျနှစ်သက်တဲ့သူရဲ့ စိတ်ကျေနပ်မှုရစေဖို့ အစွမ်းကုန်တွေးတော ကြံဆရတာက ရည်းစားစာတစ်စောင်ရဲ့ အနှစ်သာရတွေပါပဲ။ အဲ့တာကြောင့်မို့ ပိုးပန်းဖို့ အကောင်းဆုံးနည်းလမ်းလို့ဆိုရတာပါ။

အရင်ခေတ်ကပုံစံလေးဖြစ်လို့

အချိန်ရတဲ့အခါ ငယ်ငယ်ကအကြောင်းတွေကို တခုတ်တရ ပြောနေခဲ့ကြဖူးကြတယ်မလား။ အဟောင်းတွေက အကောင်းဆုံးလို့လဲ ဆိုတတ်ကြပါသေးတယ်။ ဒီလိုပါပဲ ရည်းစားစာအလေ့အထ ကလည်း ၁၇ ၊၁၈ ၊၁၉ ရာစုတွေမှာ ခေတ်စားခဲ့တဲ့ပုံစံမျိုးဖြစ်လို့ တန်ဖိုးထားစရာကောင်းပါတယ်။ ဒီနေ့ခေတ်လို ဆက်သွယ်ရလွယ်ကူတဲ့ခေတ်မှာတော့ သူများနဲ့မတူပဲ ပိုပြီးချစ်စရာကောင်းတဲ့ ပိုးပန်းနည်းတစ်မျိုး ဖြစ်လို့ တစ်ဖက်ကလည်း သဘောကျမှာအသေအချာပါပဲ။

သိမ်းထားလို့ရတယ်

ခံစားချက်ကို ထုတ်ပြတဲ့ စကားလုံးတိုင်းက တန်ဖိုးရှိလို့ သိမ်းထားချင်ပေမယ့် အခက်အခဲရှိတတ်ပါတယ်။ အဲ့လိုမဟုတ်ပဲ ချစ်သဝဏ်လွှာ ရည်းစားစာလေးတွေကတော့ အမြတ်တနိုးတန်ဖိုးထားပြီး သိမ်းဆည်းထားလို့ရတဲ့အပြင်ကို သတိရတိုင်းထုတ်ကြည့်လို့လည်း ရပါတယ်။ အခြေနေမပေးလို့ ဝေးခဲ့ရရင်တောင် အမှတ်တရအနေနဲ့ ကျန်နေခဲ့မှာဆိုတော့ လွမ်းစရာ အမှတ်တရလေးအဖြစ် သိမ်းထားလို့ ရပါသေးတယ်။

ရည်းစားစာတွေကတန်ဖိုးရှိတယ်

စာရွက်နဲ့ မင်ဖိုးက နည်းပေမယ့် ကောင်းမွန်တဲ့ ရည်းစားစာတစ်စောင်ဖြစ်လာဖို့က မလွယ်လှပါဘူး။ ရေးတဲ့သူရဲ့ အရည်အချင်းနဲ့စိတ်ခံစားမှုလည်းအများကြီး ဆိုင်ပါတယ်။ ခံစားချက်တွေကို စကားလုံးတွေအဖြစ်ပြောင်းပြီး ကဗျာလိုတစ်မျိုး စာလိုတစ်ဖုံ အမျိုးမျိုး ဖန်တီးပြီးတဲ့အခါမှ လက်ရေးလက်သားကအစ သေသပ်နေဖို့၊

ဖတ်တဲ့သူနေရာကနေလဲ ဝင်ပြီး ခံစားသုံးသပ်ဖို့၊ ထည့်ပေးရမယ့် စာအိတ်တွေကိုလည်း ရွေးချယ်ရတာရော အလုပ်တွေကများပါတယ်။ ဒါကြောင့်မို့လဲ အကောင်းဆုံးတွေထဲက တစ်ခုဖြစ်နေခြင်းလည်း ဖြစ်ပါတယ်။ ဒီလို အသေးစိတ်ကျတဲ့ ခံစားမှုတွေကို တစ်ဖက်လူက မြင်နိုင်တာကြောင့် အကောင်းဆုံးအမှတ်ရစရာလေး ဖြစ်ပါတယ်။

စာပေးတဲ့အမှတ်တရ

ရည်းစားစာ တစ်စောင်ကို ဖန်တီးပြီးပြီဆိုပေမယ့် ဘယ်လိုပေးရမယ်ဆိုတာကလဲ ကျန်နေပါသေးတယ်။ နှုတ်ကနေဖွင့်ပြောဖို့ မဝံ့မရဲဖြစ်လို့ စာပေးတဲ့အခါ အလွဲလွဲအချော်ချော်မဖြစ်ဖို့ စဉ်းစားရပါသေးတယ်။ သတိမထားမိအောင် တစ်ခုခုကြံစည်ပြီး ပေးတာမျိုးဖြစ်စေ လူကိုယ်တိုင်ပေးလို့ ဖြစ်စေ ဒီအခြေအနေတွေက နှစ်ဦးသားအကြားမှာ ပျော်စရာ ကြည်နူးစရာ အမှတ်တရတွေ အဖြစ် ရှိနေခဲ့မှာပါ။

ဒါကြောင့်မို့ ပိုးပန်းကြတဲ့အခါ ရည်းစားစာပေးတယ်ဆိုတာက လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်တဲ့အပြင် အမှတ်တရတွေပါ အများကြီးဖန်တီးယူလို့ရလို့ အကောင်းဆုံးအရာ ဖြစ်တဲ့အတွက် ရည်းစားစာ ပေးခြင်းက ဘယ်တော့မှ မဟောင်းသွားပါဘူး။ချစ်ခြင်းတွေက လှတာမို့ ရည်းစားစာတွေက လှပနေတာပါနော်။ ခံစားချက် မတူရင်တောင် ရည်းစားစာလေးကတော့ လှပနေမှာပါ။