အဲ ဒီအမှုနဲ့ပတ်သက်လို့ ဒီနေ့မတ်(၃)ရက်နေ့ ရန်ကင်းတရားရုံးမှာ အမှုကို စစ်ဆေးခဲ့တာဖြစ်ပါတယ် ။ ကြိုတင်ရောင်းချတဲ့စနစ်နဲ့ တိုက်ခန်းရောင်းချပြီး WA ကုမ္ပဏီ နဲ့ ယုန်မင်း ကုမ္ပဏီ က ငွေကျပ် သိန်း ခြောက်သောင်းကျော်လိမ်လည်ခဲ့ပြီး လူလတ်တန်းစားတွေအများဆုံး လိမ်လည်ခံခဲ့ရတာလို့ အလိမ်ခံခဲ့ရတဲ့သူတွေက ပြောပါတယ် ။

“ဒီနေ့ထပ်ပြီးတော့ သူတို့က ဘာပြောလဲဆိုတော့ မာစီဒီးကားရောင်းရငွေက (၁၅၈)သိန်း၊ ရွှေနဲ့စိန်ရောင်းရငွေက(၁၂၇)သိန်း ဒါပဲရသေးတယ်၊ ဒါပဲပြောသေးတယ်” လို့ ဒီနေ့ ရန်ကင်းတရားရုံးရုံးချိန်းကို သွားရောက်ခဲ့တဲ့ အလိမ်ခံခဲ့ရသူ ဒေါ်သိင်္ဂီလင်းက O Media ကို ပြောပါတယ်။ အဲဒီမာစီးဒီးကားဟာလည်း အရစ်ကျစနစ်နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ငွေကျပ်(၁၅၈)သိန်းပဲသွင်းရသေးတဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။ ငွေကျပ်သိန်းပေါင်းခြောက်သောင်းကျော်မှာတော့ သူတို့မိသားစုအတွက် အိမ်အသုံးစရိတ်က ကျပ်သိန်း (၃)သောင်းဝန်းကျင်နဲ့ ဝန်ထမ်းစရိတ်အတွက် ကျပ်သိန်း(၁)သောင်းဝန်းကျင် သုံးခဲ့တယ်လို့လည်း သိရပါတယ်။

အခုချိန်မှာတော့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက အဲဒီကုမ္ပဏီနှစ်ခုရဲ့ ကုမ္ပဏီတာဝန်ရှိသူ ဦးဝင်းမောင်မောင်စိုး၊ ဦးရှင်းသန့်ဇော်ဇော်၊ ဒေါ်ခင်စန္ဒာလင်းတို့ကို မြို့နယ်လေးခုက တရားရုံးလေးခုမှာ အမှုဖွင့်တရားစွဲဆိုထားပြီး အခုအချိန်မှာ စစ်ဆေးနေတာပါ။ သူတို့(၃)ယောက်ဟာ မိသားစုဝင်တွေဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီကုမ္ပဏီနှစ်ခုဟာ ပရောဂျက်(၂၉)ခု ဆောင်ရွက်မယ် ဆိုပြီး တိုက်ခန်းရောင်းချမှုတွေကို ကြိုပွိုင့်စနစ်နဲ့ ၂၀၁၇ ကတည်းက စတင်ရောင်းချခဲ့တာပါ။

တိုက်ခန်းရောင်းချမှုတွေကို အွန်လိုင်းကတဆင့် ကြေညာရောင်းချခဲ့တာဖြစ်ပြီးတော့ အလိမ်ခံရသူတွေဟာ အွန်လိုင်းကနေတွေ့လို့ ဝယ်ယူခဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ လိမ်လည်ခံခဲ့ရတဲ့ ဒေါ်သိင်္ဂီလင်းကတော့ တိုက်ခန်းဆောက်လုပ်မှုမရှိဘဲ မြေရှင်နဲ့ တိုက်ခန်းရောင်းဝယ်သူ တစ်ရာကျော်ဟာ ငွေကျပ်သိန်းခြောက်သောင်းခုနှစ်ထောင်နီးပါး လိမ်လည်ခံခဲ့ရတာလို့ ပြောပါတယ်။ “ကျွန်မတို့က ၂၀၁၈ က စာချုပ်ချုပ်တာ စာချုပ်ထဲမှာရှစ်လပြည့်ရင်လုပ်ကမှာ၊ အခုချိန်ထိ ဘာမှမလုပ်ဘဲ ပစ်ထားတာ၊ အခုတရားစွဲထားတာ ဒီနေ့ မတ်လ(၃)ရက်နေ့ ရုံးချိန်မှာတော့ ငွေကျပ်သိန်းသုံးသောင်းကျော်ကို အိမ်စရိတ်သုံးထားတာလို့ ပြောတယ်”လို့ ဒေါ်သိင်္ဂီလင်းက ပြောပါတယ်။

အခုကိစ္စမှာတော့ ငွေကျပ်သိန်း(၂၀၀)ကနေ သိန်း(၇၀၀)အထိ လိမ်လည်ခံခဲ့ရသူတွေပါဝင်တယ်လို့ သိရပါတယ်။”အမနဲ့ အမခင်ပွန်းလောင်းနဲ့ ဆုံးဖြတ်ပြီးတော့ အရစ်ကျပေါ့ ဝယ်လိုက်တ သိန်း(၂၀၀)ကျော်သွင်းပြီး ဆက်ဆောက်ရင် ဆက်သွင်းမယ်ပေါ့၊ အခု လုံးဝမဆောက်ဘဲ လိမ်သွားတာ၊ အမလည်း ဘာလုပ်ရမှန်းမသိဘူး ငွေစုပြီးတော့ တတ်နိုင်သလောက် အိမ်ပိုင်လေးရမလားလို့ လုပ်မိခဲ့တာ” လို့ နောက်ထပ်အလိမ်ခံရသူတစ်ယောက်က အို မီဒီယာ ကို ပြောပါတယ်။ ၂၀၁၇ တုန်းကလည်း ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Father Land ကုမ္ပဏီကိုလည်း ကြိုတင် ရောင်းချတဲ့စနစ်နဲ့ တိုက်ခန်းတွေရောင်းပြီး ကျန်သိန်းပေါင်းသောင်းချီလိမ်လည်မှုနဲ့ အရေးယူခဲ့ပါသေးတယ် ။

အိုမီဒီယာ