လူ နှစ်ယောက် ချစ်သူတွေဖြစ်သွားဖို့ဆိုတာ သိပ်မခက်ပေမယ့် နှစ်ယောက်သားလက်တွဲပြီး အိမ်ထောင်ရေးအဆင်ပြေသာယာဖို့ဆိုရင်တော့ ထင်သလောက် မလွယ်လှပါဘူး …။

ပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ချစ်သူစုံတွဲတွေ တော်တော်များများက အိမ်ထောင်ပြုဖို့အတွက်စဉ်းစားရာမှာ တချို့အချက်တွေကို ထည့်မစဉ်းစားမိတတ်ကြဘူးဆိုတာကို တွေ့ရပါတယ် …။

ဒါဆို စုံတွဲတွေအနေနဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားတဲ့အခါ ဘယ်အချက်တွေကို မဖြစ်မနေထည့်စဉ်းစားဖို့ လိုသလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ အိမ်ထောင်ပြုဖို့ စိတ်ကူးရှိတဲ့သူတိုင်း ဖတ်ထားလိုက်ပါနော် …။

(၁) ငွေကြေးနဲ့ပတ်သက်လို့

အိမ်ထောင်တစ်ခုထူထောင်တဲ့အခါ ငွေကြေးက အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မိသားစုအတွက် လုံလောက်တဲ့ ပိုက်ဆံရှာဖို့လိုအပ်ပါတယ် …။

ဒါပေမယ့် ပိုက်ဆံရှာဖို့ကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားပြီး မိသားစုကို လုံးဝလှည့်မကြည့်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒီ(၂)ခု မျှတဖို့လိုပါတယ် …။

(၂) ကလေးများများယူလေ အိမ်ထောင်ရေးခိုင်မြဲလေဆိုတဲ့အတွေး

အိမ်ထောင်ရေး ရေရှည်တည်မြဲဖို့ ကလေးယူသင့်တယ်လို့ လူတော်တော်များများက ယူဆကြပြီး ၊ ကလေးများများယူလေ၊ မိသားစုက နွေးထွေးလေလို့လည်း ယူဆကြပါတယ် …။

တကယ်တော့ ဒီလိုတွေးတာ ရာနှုန်းပြည့်မမှန်သလို၊ လုံးဝလည်း မှားနေတာလည်း မဟုတ်ပါဘူး။ မိဘတွေဘက်က ဒီကလေးတွေနဲ့ ပတ်သက်လို့ ဘယ်လောက်တာဝန်ယူနိုင်ပြီလဲ၊ ဘယ်လောက်ဖြည့်ဆည်းပေးနိုင်ပြီလဲ၊ ဘယ်လောက် စောင့်ရှောက်နိုင်လဲ ဆိုတာတွေကို စဉ်းစားပြီးမှ ကလေးယူဖို့ ဆုံးဖြတ် သင့်ပါတယ်နော် …။

ကလေးတစ်ယောက်ရဲ့ တာဝန်ဆိုတာ ပေါ့သေးသေးမဟုတ်ပါဘူး။ ဒါကြောင့် အိမ်ထောင်ရေးခိုင်မြဲဖို့ဆိုတဲ့ အတွေးတစ်ခုနဲ့တော့ ကိုယ့်ဘက်က လုံလောက်တဲ့ စောင့်ရှောက်မှုတွေ မပေးနိုင်ဘဲ ကလေးများများ မယူပါနဲ့ …။

(၃) တစ်ယောက်တည်းအတွက်လား ၊ မိသားစုအတွက်လား

အိမ်ထောင်ပြုတော့မယ်ဆိုရင် တစ်ယောက်တည်းအတွက်ပဲ စဉ်းစားနေလို့မရတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် မိသားစုအတွက် ထည့်စဉ်းစားတတ်ဖို့ လိုလာပါပြီ …။

ကလေးရှိလာရင် ပိုပြီးတော့တောင် အဲ့ဒီလိုမျိုး စဉ်းစားရတော့မှာပါ။ ဒါကြောင့် မိသားစုမှာ အဆင်မပြေမှုတွေမဖြစ်အောင် ကိုယ့်တစ်ယောက်တည်းအတွက် မဟုတ်ဘဲ မိသားစုအတွက် စဉ်းစားပေးဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာလည်း တွေးကြည့်ပါ …။

(၄) မိဘကောင်းဖြစ်အောင် သင်ယူရမယ်

အိမ်ထောင်ရေးအဆင်မပြေမှုတွေကြားမှာ ကြီးပြင်းလာတဲ့ ကလေးတွေက လမ်းမှားကိုရောက်နိုင်ချေပိုများတာကြောင့် ကိုယ်တိုင်က ကလေးတွေအတွက်မိဘကောင်းဖြစ်အောင် သင်ယူဖို့အတွက် ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားဖို့ လိုပါတယ် …။

(၅) ကလေးတွေကိုဘယ်လိုပျိုးထောင်မလဲ

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကလေးတစ်ယောက် စိတ်ဒဏ်ရာတွေမဖြစ်ဘဲ ကြီးပြင်းလာအောင်၊ အရွယ်နဲ့လိုက်တဲ့ စောင့်ရှောက်မှုမျိုး ပေးနိုင်အောင် ကြိုတင်တွေးထားဖို့လိုသလို၊ ကလေးနဲ့ပတ်သက်လို့ အခြေခံကျန်းမာရေးကအစ လေ့လာထားရမှာပဲ ဖြစ်ပါတယ် …။ ။

Em Em