အင် တာနက်ပေါ်မှာ နာမည်ကြီးသွားတဲ့ မြောက်ဥက္ကလာပမြို့နယ်က ကလေးကို ရေနှစ်နှိပ်စက်တယ်ဆိုတဲ့ သားအမိနှစ်ယောက်ကို ဒီနေ့ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာတော့ မြောက်ဥက္ကလာပမြို့နယ်တရားရုံးက ထောင်ဒဏ်(၅) နှစ်စီ ချမှတ်လိုက်ပါတယ်။

အဲ့ဒီအမှုကို အမိန့်ချဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့က အကြောင်းအမျိုးမျိုးကြောင့် အခုမှ အမိန့်ချဖြစ်တာဖြစ်ပါတယ်။

“အမိန့်ချဖို့ချိန်းထားတာက (၂)နာရီကျော်မှပါ။ တကယ်အမိန့်ချသွားတာက နေ့လည်(၁)နာရီဝန်းကျင်လောက်မှာ ချသွားတာ အမိန့်ချတဲ့အချိန်မှာ ကျွန်မတို့ရှေ့နေတောင်မရောက်သေးဘူး”လို့ တရားလိုဒေါ်နိုင်နိုင်မော်က O Media ကို ပြောပါတယ်။

အခုလိုအမိန့်ချမှတ်တဲ့အပေါ်ကိုတော့ သူ့အနေနဲ့ မကျေနပ်တာမရှိဘူးလို့လည်း ပြောပါသေးတယ်။

ဒီနေ့အမိန့်ချမှတ်တာနဲ့ပတ်သက်ပြီး တရားလိုဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့တော့ မရသေးပါဘူး။

ရေနှစ်ပြီးနှိပ်စက်ခဲ့တဲ့ ကလေးရဲ့အဖွားဖြစ်သူနဲ့အဒေါ်ဖြစ်သူကို မြောက်ဥက္ကလာပမြို့မရဲစခန်းက ပုဒ်မ(၃၀၇)နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး အဲဒီပုဒ်မဟာ ပြစ်မှုကျူးလွန်သူကို အမြင့်ဆုံးထောင်ဒဏ်(၁၀)နှစ်ထိဖြစ်စေ ဒဏ်ငွေနဲ့ ထောင်ဒဏ်နှစ်ခုလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

“အစ်ကို့မှာ အင်အားတွေလည်းမရှိတော့ဘူးလေ၊ ရှိတာတွေလည်းကုန်ပြီ၊ အစ်ကို့မှာအခုသောကတွေ အရမ်းများ နေတဲ့အတွက် ဘယ်ကစလုပ်ရမလဲဆိုတာတော့မသိသေးဘူး။ အိမ်ထောင်စု တစ်ခုလုံးတော့ ပျက်သွားပြီ ဘဝက တော့လုံးဝပြတ်သွားပြီလေ၊ ရှိတာမှ မိန်းမနဲ့သမီးနှစ်ယောက်တည်းရှိတာ အခုတော့ မိန်းမရော သမီးရော ထောင်ထဲရောက်သွားပြီ” လို့ ကလေးရဲ့အဖိုးဖြစ်သူ ဦးညွှန်ရွှေက O Media ကို ပြောပါတယ်။

၂၀၁၉ ခုနှစ်ဧပြီလထဲမှာ အဒေါ်ဖြစ်သူနဲ့အဖွားဖြစ်သူက ကလေးတစ်ယောက်ကို ရေစည်ထဲနှစ်ပြီးနှိပ်စက်တဲ့ ဗွီဒီယို ဖိုင်ကိုအိမ်နီးနားချင်းတစ်ယောက်က ရိုက်ကူးခဲ့ပြီးတဲ့နောက် အင်တာနက်ပေါ်မှာ အလျင်အမြန်ပျံ့နှံ့သွားပြီး အဲဒီကလေးကို ဝိုင်းဝန်းကူညီပေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအမှုမှာတော့ ဗွီဒီယိုရိုက်ကူးခဲ့တဲ့ ဒေါ်နိုင်နိုင်မော်ကပဲတရားလိုလုပ်တိုင်တန်းခဲ့ပြီးတော့ အဲဒီအချိန်တုန်းက သူဟာ အဲဒီနှိပ်စက်တယ်ဆိုတဲ့ သားအမိအိမ်မှာ အိမ်ငှားနေထိုင်တဲ့သူလည်းဖြစ်ပါတယ်။Omedia