C ovid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံကိုမဆို ပျံ့နှံ့ ရောက်ရှိသွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးလိုက်ပါတယ်။

WHOရဲ့ အကြီးအကဲဖြစ်တဲ့ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂီဘရီယီးဆက်စ်က ဒီဗိုင်းရပ်စ် ကူးစက်မှုတွေဟာ ကိုယ့်ဆီကိုတော့ ရောက်မလာနိုင်ပါဘူးလို့ ပေါ့ပေါ့တန်တန် သဘောထားလိုက်ပြီး ပြန်ပြင်လို့ မရနိုင်တော့တဲ့ အမှားမျိုး မကျူးလွန်မိကြဖို့ ကမ္ဘာ့နိုင်ငံ အားလုံးရဲ့ အစိုးရတွေကို ဦးတည် ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့က စတင်လာတဲ့ ဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အခုဆိုရင် ကမ္ဘာပေါ်က တိုက်ကြီး ၆ တိုက်ထိ ပျံ့နှံ့ ရောက်ရှိနေပါပြီ။ ဗိုင်းရပ်စ်ရဲ့ မူလရင်းမြစ်ဖြစ်တဲ့ တရုတ်မှာ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်တဲ့ အလားအလာတွေ တွေ့နေရပေမယ့် တောင်ကိုရီးယား၊ အီရန်၊ အီတလီ နိုင်ငံတွေမှာ ကူးစက်ခံရသူ အရေအတွက် နေ့စဉ်ရက်ဆက် တိုးပွား မြင့်တက်လာနေပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ ဒေါက်တာ တက်ဒ်ရော့စ်က ဘယ်နိုင်ငံမှ ဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှု လက်တံကနေ လွတ်မြောက်ပါမယ်ဆိုပြီး အာမခံနိုင်မှာ မဟုတ်ကြောင်း၊ ကိုယ့်နိုင်ငံကတော့ လွတ်ကင်းပါတယ်လို့ ထင်နေရင်တော့ ပြန်ပြင်လို့ မရနိုင်တဲ့ အမှားတစ်ခုဆီ ဦးတည်သွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အခုဆိုရင် ဗိုင်းရပ်စ် တွေ့ရှိကြောင်းအတည်ပြုထားတဲ့ ကမ္ဘာ့နိုင်ငံ ၅၀ ကျော်ထိ ရှိလာပြီး လူပေါင်း ၈၃၀၀၀ ကျော်ဆီ ကူးစက်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်ကတော့ ၂၉၀၀ နီးပါး ရှိလာခဲ့ပါပြီ။ ဒီဗိုင်းရပ်စ် ကူးစက်ခံရသူ အများစုက သာမန် ဖျားနာမှု၊ ချောင်းဆိုးမှုတွေလောက် ခံစားရပြီးချိန်မှာ ရောဂါလက္ခဏာတွေ လျော့ပါး သက်သာသွားတတ်ပေမယ့် ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ရောဂါသည်တွေမှာတော့ ပြင်းထန် နမိုးနီးယား ဝေဒနာမျိုးပါ ခံစားရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း WHOက ကြေညာထားပါတယ်။

Videoကြည့်ရန်

Credit-7Days