ခု အချိန်ထိ ရောက်ခဲ့သမျှနေရာတွေထဲမှာ မတွေ့ဖူးသေးတဲ့ အမှတ်မထင် တွေ့လိုက်ရသော တောဘုန်းကြီးကလေး

အယဉ်ကျေးဆုံး ရတနာမြေ (သို့မဟုတ်) ဓမ္မစကူးလ်မြို့ အင်းတော်

တောဘုန်းကြီးကလေး

မြို့ထဲကို ဝင်လိုက်တာနှင့် ပထမဆုံးတွေ့ရတာက မြေကြီးပေါ် ကျကျနနထိုင်ပြီး ရှိခိုးကန်တော့နေကြတဲ့ ပုံရိပ်တွေပါပဲ။ခုအချိန်ထိ ရောက်ခဲ့သမျှနေရာတွေထဲမှာ မတွေ့ဖူးသေးတဲ့ အကောင်းဆုံး အလှတရားတွေ ဖြစ်ပါတယ်။

တောဘုန်းကြီးကလေးတို့ ဒေသမှာငယ်စဉ်တုန်းက တွေ့ရသေးပေမယ့် ခုချိန်တော့ ပျောက်ကွယ်သလောက်နီးနီး ဖြစ်နေပါပြီ။ခုတခါ အမှတ်မထင် တွေ့လိုက်ရတော့ ရင်ထဲမှာ လှုပ်လှုပ်ခတ်ခတ်လေးဖြစ်သွားရပါတယ်။

မြေပြင်ပေါ် ပြားပြားဝပ် ဦးတော်တင်ကြတဲ့အထဲမှာ အဖွား အမေတွေပါမက လူငယ်တွေပါ ပါပါတယ်။အထူးသဖြင့် ဆယ်ကျော်သက် ယောက်ျားလေးတွေပေါ့။

ဒီပုံရိပ်တွေ မြင်လိုက်တယ်ဆိုရင်ပင် တည်းတဲ့နေရာ မရောက်ခင်မှာပဲ”ကျက်သရေ ရှိလိုက်တာ ” လို့ တွေးရင်း ဒီမြို့ကလေးကို ချစ်သွားမိပါတော့တယ်။

ဗုဒ္ဓဘာသာ အငွေ့အသက်တွေထုံမွှမ်းပြီး ဓမ္မစကူးလ်ကျောင်းတွေ ဖွင့်လှစ်ခဲ့တာတွေက အလှပေါ်အယဉ်ဆင့်ဆိုသလို အရိုးပေါ် အရွက်မဖုံးတဲ့ အလှဆုံးကျက်သရေရှိတဲ့ အဖြစ်ပါပဲ။

ဒီဓလေ့ ဒီအပြုအမှု ရိုးရာတွေဟာမန်လည်ဆရာတော်ဘုရားကြီးရဲ့ သြဝါအဆုံးအမတွေဖြစ်ပါသတဲ့ ။ဒေသခံတို့ရဲ့တဆင့်စကား ကြားခဲ့ရပါတယ် ။ဒီဓလေ့ ဒီအလှတရားတွေ မြင်ချင်တွေ့ချင်ကြရင်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့လေးကို လာခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါရစေ။

တောဘုန်းကြီးကလေး 28-11-2019 / 4:23 pm