ရော ဂါပိုး ကူးစက်သူ အရေအတွက် ရုတ်တရက် မြင့်တက်လာမှုနဲ့ ရင်ဆိုင်နေရစဉ် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအတွက် သတိပေးတပ်လှန့် ချက်အဆင့်ကို အမြင့်ဆုံးအဆင့်သို့  တိုးမြှင့်လိုက်ကြောင်း တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်က တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၃) မှာ ပြောဆိုပါတယ်။

“COVID-19 ဖြစ်ပွားမှုက ဆိုးရွားတဲ့ အလှည့်အပြောင်းတစ်ခု ရင်ဆိုင်လာရပါတယ်” လို့  ဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုအပြီး မွန်းက ပြောဆိုခဲ့ပါတယ်။ “ ကျွမ်းကျင်သူတွေရဲ့ ထောက်ခံချက်တွေအရ အစိုးရအနေနဲ့ သတိပေးတပ်လှန့် မှုအဆင့်ကို အမြင့်ဆုံး အဆင့် တိုးမြှင့်သတ်မှတ်ပါမယ်” လို့  ၄င်းက ဆက်လက်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံတောင်ပိုင်း ဒေဂူးမြို့ရှိ ဘာသာရေးအသိုင်းအ၀ိုင်းတစ်ခုမှာ ရောဂါပိုးကူးစက်သူ တစ်စုတစ်ဝေးလိုက် ထွက်ပေါ်လာခဲ့ပြီးနောက်မှစကာ မကြာခင်ရက်အနည်းငယ်အတွင်း တောင်ကိုရီးယားမှာ ပိုးကူးစက်သူဦးရေ တရှိန်ထိုး မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ ယခုအခါ နိုင်ငံတ၀န်း ပိုးတွေ့လူနာ ၅၅၆ ဦးထိရှိလာခဲ့ကာ ဂျပန်မှာ ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီး သင်္ဘောကလွဲရင် တရုတ်ပြင်ပမှာ ရောဂါပိုးကူးစက်သူ အများဆုံး နေရာဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ က ထုတ်ပြန်ချက်အရ ယင်း ရောဂါပိုးကြောင့် နှစ်ဦး ထပ်သေဆုံးကာ ထပ်မံပိုးကူးစက်သူ ၁၂၃ ဦး ရှိခဲ့ပြီး အသစ်တွေ့ရှိတဲ့ ပိုးကူးစက်သူတွေထဲက သုံးပုံနှစ်ပုံဟာ ဘာသာရေး အသိုင်းအ၀ိုင်းနဲ့ ဆက်နွယ်ခဲ့သူတွေဖြစ်ကြောင်း သိရပါတယ်။

ထပ်မံပိုးကူးစက်သူတွေထဲက ၇၅ ဦးဟာ ဒေဂူးမြို့ ခရစ်ယာန်ဘုရားကျောင်း Shincheonji Church of Jesus နဲ့ ပတ်သက်ဆက်နွယ်ခဲ့သူတွေဖြစ်ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ ဖျားနာနေတဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကအစပြု ပိုးကူးစက်မှုဖြစ်ခဲ့ကာ ယခုဆိုရင် ဘုရားကျောင်းအဖွဲ့ဝင် ရာပေါင်းများစွာ ကူးစက်ခံထားရပြီဖြစ်ပါတယ်။

ဒေဂူးနဲ့ မြောက်ဂျောင်ဆန်ပြည်နယ်ရဲ့ အကျပ်အတည်း အဆင့်ဟာ အရေးတကြီး အခြေအနေဖြစ်နေပြီဖြစ်ကြောင်း ဒေဂူးမြို့တော်ဝန် ကေ၀န်ယောင်းက ပြောဆိုခဲ့ပြီး မြို့ခံတွေအနေနဲ့ အိမ်ပြင် မထွက်ကြဖို့  အကြံပြု တိုက်တွန်းခဲ့ပါတယ်။

အကုန်သိ